Twitter & အသေးစား ဘလော့ဂ်ဖန်တီးခြင်း

 

Twitter ဆိုတာ 'updates' လို့ခေါ်တဲ့ 'နောက်ဆုံး သတင်းတွေ' (စာသား သက်သက် တင်ပို့ချက်တွေကို tweets လို့ ခေါ်တယ်) ကို SMS (သတင်းတို)၊ instant messaging လို့ခေါ်တဲ့ လက်ငင်း သတင်းပေးပို့ချက်၊ အီးမေးလ်၊ Twitter ကွန်ရက် စာမျက်နှာ (သို့) အဲဒီ ၀န်ဆောင်မှုတွေနဲ့ ချိတ်ဆက်တဲ့ application တွေက တဆင့် အက္ခရာ အလုံးရေ ၁၄၀ အထိ ပေးပို့နိုင်တဲ့ ၀န်ဆောင်မှု တခု ဖြစ်တယ်။ Twitter ကို အသုံးပြုပြီး နောက်ဆုံး သတင်းကို လူတဦးတယောက်ဆီ ဖြစ်ဖြစ်၊ နီးစပ်တဲ့ အဆက်အသွယ် အုပ်စု တခုခုဆီ ဖြစ်ဖြစ် ပေးပို့နိုင်ပြီး လူတိုင်းက မြင်တွေ့ ဖတ်ရှုနိုင်မှာ ဖြစ်တယ်။ အဲဒီနောက်ဆုံး သတင်းတွေကို သုံးစွဲသူရဲ့ profile စာမျက်နှာပေါ်မှာ မြင်တွေ့ရမှာ ဖြစ်ပြီး လက်မှတ် ရေးထိုးထားတဲ့ တခြား သုံးစွဲသူတွေဆီလည်း ချက်ခြင်း ရောက်ရှိသွားမှာ ဖြစ်တယ်။ ပေးပို့တဲ့ သုံးစွဲသူက သူ့ရဲ့ မိတ်ဆွေတွေကိုပဲ ပေးပို့လို့ ရအောင် ဖြစ်ဖြစ်၊ (သို့) စံသတ်မှတ်ထားတဲ့ default setting အတိုင်း လူတိုင်းဆီ ပေးပို့နိုင်အောင် ဖြစ်ဖြစ် ကန့်သတ်ထားနိုင်တယ်။

Twitter ကို အသုံးပြုရခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တခုကတော့ အရေးပေါ် အခြေအနေတွေမှာ ထိထိရောက်ရောက် အသုံးချနိုင်ခြင်းပဲ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ကိုင်ဖုန်းကတဆင့် အလွယ်တကူ မွမ်းမံနိုင်သလို၊ လူအတော်များများဆီကိုလည်း တပြိုင်ထဲ ထုတ်လွှင့်နိုင်တယ်။ Twitter ကို ထောက်ခံ လှုပ်ရှားမှု အမျိုးမျိုးမှာ အသုံးပြုခဲ့ကြတယ် - ဥပမာ အားဖြင့်၊ အီဂျစ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက သူတို့ ရောက်ရှိနေတဲ့ ဘယ်နေရာမှာပဲ ရောက်နေရောက်နေ သူတို့ လုံလုံခြုံခြုံ ရှိနေကြတဲ့ အခြေအနေ  ဖြစ်ဖြစ် (သို့) အဖမ်းခံရတဲ့ သတင်းကို ဖြစ်ဖြစ် Twitter အသုံးပြုပြီး လူထုကို အသိပေး အကြောင်းကြားခဲ့ကြတယ်။ အီရန် လူမျိုးတွေကလည်း ၂၀၀၉ ရွေးကောက်ပွဲ နောက်ပိုင်းမှာ လူထုရဲ့ အာရုံစူးစိုက်မှု ရရှိလာဖို့နဲ့ ဆန္ဒပြပွဲ အဖြစ်အပျက်တွေကို သတင်းထုတ်လွှင့်နိုင်ဖို့ Twitter ကို အသုံးပြုခဲ့ကြတယ်။

'#hash tags' ဆိုတဲ့ အမှတ်အသားဟာ Twitter ကို အသုံးပြုတဲ့ လူတွေက လက်ရှိ ရေပမ်းစားနေတဲ့ အကြောင်းအရာနဲ့ ပါတ်သက်တဲ့ နောက်ဆုံး သတင်းတွေကို ရှာဖွေတဲ့ နေရာမှာ အသုံးပြုနိုင်တယ်။ အကယ်လို့ သင်ဟာ အရေးအခင်း တခုမှာ ရောက်နေတယ် ဆိုရင်၊ လူထုတွေကို #hash tag ကို အသုံးပြုဖို့ ပြောပြနိုင်ပြီး သူတို့ရဲ့ နောက်ဆုံး သတင်းတွေ အားလုံးကို စုစည်းထားနိုင်တယ်။ အီရန်နိုင်ငံရဲ့ ၂၀၀၉ ရွေးကောက်ပွဲ နောက်ပိုင်းမှာ လူထုက tag #iranelection ကို အသုံးပြုခဲ့ကြသလို၊ (သို့) အမေရိကန်က ဂျပန်နိုင်ငံမှာ လူဦးရေပေါင်း ၂၀၀,၀၀၀ ခန့် သေကျေ ပျက်ဆီးစေတဲ့ အနုမြူဗုံး တလုံး ကျဲချခဲ့တဲ့ နေ့ နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ #hiroshima ကို အသုံးပြုခဲ့ကြပြီး ပိုပြီး စနစ်တကျဖြစ်အောင် ဖွဲ့စည်းထားနိုင်တယ်။

လက်ရှိအချိန်မှာ Twitter ရဲ့ အကြီးဆုံး ဆိုးကျိုးကတော့ အကယ်လို့ သင်ဟာ ယူအက်စ်အေ၊ ယူကေ၊ ကနေဒါ (သို့) အိန္ဒိယနိုင်ငံတွေမှာ နေထိုင်တဲ့သူ မဟုတ်ဘူးဆိုရင်၊ သင့်ရဲ့ လက်ကိုင်ဖုန်းကနေ ပေးပို့လိုက်တဲ့ သတင်း စာတိုတွေကို အပြည်ပြည်ဆိုင်ရာ ဈေးနှုန်းအတိုင်း အခကြေး ပေးဆောင်ရမှာ ဖြစ်တယ်။ Twitter ပေါ်မှာ privacy နဲ့ authentication လုပ်တဲ့ နည်းလမ်းတွေနဲ့ ပါတ်သက်ပြီး သတိထားရမဲ့ အချက်တချို့ ပါရှိတယ်။ Twitter ကနေ တဆင့် အထိခိုက် မခံတဲ့ သတင်း အချက်အလက်တွေကို တင်ပို့တဲ့အခါ သတိထားဖို့ အကြံပြုလိုတယ်။ (blog.spywareguide.com  မှာ အသုံးဝင်တဲ့ သတင်းပေးပို့ချက်ကို ဖတ်ရှုပါ)

Twitter မှာ သင့်ရဲ့ ကွန်ရက်စာမျက်နှာအတွက် ‘အမှတ်တံဆိပ်’ကို ဖန်တီးနိုင်တယ်။ အဲဒီတံဆိပ်ဟာ သင့်ရဲ့ Twitter feed မှာ အလိုအလျှောက် ပေါ်လာမှာ ဖြစ်တယ်။ ဒါကို Blogger နဲ့ Typepad တို့မှာပဲ သုံးစွဲဖို့ ရရှိနိုင်ပေမဲ့၊ Twitter ရဲ့ ပြောကြားချက်အရ ဘယ် ကွန်ရက် စာမျက်နှာမှာ မဆို အသုံးပြုနိုင်အောင် စိတ်ကြိုက် ဖန်တီးလို့ ရတဲ့ ‘widgets’ တွေကိုလည်း ရရှိနိုင်တယ်။

လိင်လုပ်သားတွေရဲ့ ကျန်းမာရေး၊ လူ့အခွင့်အရေးတို့နဲ့ ပါတ်သက်ပြီး လုပ်ကိုင်ဆောင်ရွတ်နေတဲ့ အာရှ ပစိဖိတ် လိင်အလုပ်သမားများ ကွန်ရက် ဟာ Twitter feed တခုကို ဖန်တီးပြီး သူ့ရဲ့ စည်းရုံးလှုပ်ရှားမှုတွေကို ထုတ်ပြန် ကြော်ငြာရာမှာ အသုံးချခဲ့တယ်။ ဥပမာ အားဖြင့်၊ ကမ္ဘော်ဒီယား နိုင်ငံမှာ အသစ် ထုတ်ပြန်တဲ့ လူကုန်ကူးမှု နှိမ်နင်းရေး ဥပဒေသစ်ထဲမှာ လိင်လုပ်ငန်း မှန်သမျှကို လူကုန်ကူးမှုနဲ့ တန်းတူ သတ်မှတ်ထားပြီး ပြည့်တန်ဆာအိမ် အများအပြားကို ပိတ်ပင်ထားတာတို့၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေတာတွေကို ဆန့်ကျင် ဆန္ဒပြတဲ့ စည်းရုံးလှုံ့ဆော်ရေးတွေမှာ Twitter ကို အသုံးပြုခဲ့ကြတယ်။

Twitter အကြောင်း ဆက်လက် ဖတ်ရှုရန်နဲ့ အရင်းအမြစ်များ


သတင်း ပံ့ပိုးသူတွေနဲ့ သတင်းထောက်တွေအတွက် Twitter အသုံးပြုနည်း အသေးစိတ် အချက်အလက်ကို သတင်းထောက် တဦး ဖြစ်ခဲ့ရင် Twitter ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနည်း နဲ့ သတင်းထောက် လုပ်ငန်းအတွက် Twitter အသုံးပြုနည်းကို ဖတ်ရှုပါ။

လူမှုအသိုင်းအ၀ိုင်းကို အကူအညီပေးဖို့ Twitter အသုံးပြုနည်း အသေးစိတ် အချက်အလက်ကို Twitter အသုံးပြုပြီး လူမှုအသင်းအဖွဲ့ တခု တည်ဆောက်နည်းနဲ့ Twitter အသုံးပြုပြီး လူမှု အသင်းအဖွဲ့များကို အကူအညီပေးခြင်းမှာ ဖတ်ရှုနိုင်တယ်။

ဘလော့ဂါများနဲ့ အွန်လိုင်း လူမှု ကွန်ရက် သုံးစွဲသူများကို ထောက်ခံအားပေးခြင်း

လူတဦးတယောက်ချင်းနဲ့ အဖွဲ့အစည်းတွေကို ထောက်ခံအားပေးဖို့ အလုပ်လုပ်နေကြတဲ့ အဖွဲ့တွေဟာ သူတို့ရဲ့ အရေးကိစ္စတွေကို အထောက်အကူပေးဖို့အတွက် ဘလော့ဂ်တွေကို သုံးစွဲနေကြတယ်။ အောက်မှာ ဖေါ်ပြထားတဲ့ အရင်းအမြစ် အများစုကို ဘာသာစကား မျိုးစုံနဲ့ ရရှိနိုင်တယ်။ Global Voices Advocacy ဟာ Global Voices Online ရဲ့ ပရောဂျက် တခုဖြစ်ပြီး ဖွံ့ဖြိုးဆဲ ကမ္ဘာမှာ နေထိုင်ကြတဲ့ ဘလော့ဂါတွေနဲ့ အွန်လိုင်း တက်ကြွ လှုပ်ရှားသူတွေ ပါဝင်တဲ့ တကမ္ဘာလုံးဆိုင်ရာ ဆင်ဆာ ဖြတ်တောက်မှု ဆန့်ကျင်ရေး ကွန်ရက်ကို တည်ဆောက်ဖို့ ကြိုးစားခဲ့တဲ့အပြင်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်း အချက်အလက်တွေကို အွန်လိုင်းကနေ လွတ်လွတ် လပ်လပ် ရယူနိုင်ဖို့ အကာအကွယ်ပေးတဲ့ အဖွဲ့ ဖြစ်တယ်။ Their Blog for a Cause! ထဲမှာ တက်ကြွလှုပ်ရှားသူတွေက ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပျက်နေတဲ့ မတရားမှုတွေကို ဆန့်ကျင်တဲ့ သူတို့ရဲ့ စည်းရုံးလှုပ်ရှားမှုတွေအတွက် ဘလော့ဂ်တွေကို အသုံးချပုံတွေ ရှင်းပြထားတယ်။ အမည်ဝှက်ပြီး ဘလော့ဂ် တည်ဆောက်နည်း လမ်းညွှန်ကိုလည်း ထုတ်ဝေခဲ့ကြတယ် (ဆက်လက်ဖတ်ရှုရန်)။ Rising Voices ဟာ နိုင်ငံသား မီဒီယာတွေရဲ့ အကျိုးရရှိ ခံစားမှုနဲ့ လက်လှမ်းမီ လုပ်ဆောင်နိုင်မှုအတွက် ကမ္ဘာတ၀ှမ်းက မီဒီယာ တက်ကြွလှုပ်ရှားသူတွေကို အဆက်အသွယ် လုပ်ခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်ဖို့၊ သူတို့ရဲ့ အကောင်းဆုံး အကြံအဉာဏ်တွေကို ထောက်ခံ အားပေးနိုင်ဖို့ ရည်ရွယ်တယ်။ An Introductory Guide to Global Citizen Media ဟာ ကမ္ဘာတ၀ှမ်းက နိုင်ငံသားတွေက ဘလော့ဂ်တွေ၊ podcasts တွေ၊ အွန်လိုင်း ဗွီဒီယိုနဲ့ ဒစ်ဂျစ်တယ် ဓါတ်ပုံတွေကို အသုံးပြုပြီး နယ်မြေ စည်းခြားမှုတွေ၊ ယဉ်ကျေးမှုတွေနဲ့ မတူ ကွဲပြားတဲ့ ဘာသာစကားတွေရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အခြေအနေတွေနဲ့ ဆန်းစစ်လေ့လာချက်တွေကို တင်ပြပေးတယ်။ နယ်စည်းမခြား သတင်းထောက်များက ထုတ်လုပ်တဲ့ ဘလော့ဂါများနဲ့ ဆိုင်ဘာ-ဆန့်ကျင်သူများရဲ့ လက်စွဲစာအုပ်ထဲမှာ အမည်ဝှက်ပြီး ဆင်ဆာ ဖြတ်တောက်မှုကို ကျော်လွှားနည်းနဲ့ ပါတ်သက်တဲ့ သိကောင်းစရာတွေ၊ နည်းပညာဆိုင်ရာ အကြံအဉာဏ်တွေကို တင်ပြထားတယ်။ အဲဒီစာအုပ်ထဲမှာ ဘလော့ဂ်တခု တည်ဆောက်ပြီး ထိထိရောက်ရောက် အသုံးပြုနည်း၊ ထုတ်ပြန်ကြော်ငြာနည်းနဲ့ အခြေခံ ကျင့်ဝတ်ဆိုင်ရာ သတင်းထောက်နဲ့ ပါတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာပြီး ဘလော့ဂ်ရဲ့ ရပ်တည်မှုကို တည်တံ့အောင် ဆောင်ရွတ်နည်းတို့ကို ရှင်းလင်း ဖေါ်ပြထားတယ်။