ဗွီဒီယို အစီအစဉ် ရေးဆွဲခြင်း

 
WITNESS ဟာ လူအခွင့်အရေး ချိုးဖေါက်မှုတွေကို ဖေါ်ထုတ်တဲ့နေရာမှာ ဗွီဒီယိုနဲ့ အွန်လိုင်း နည်းပညာတွေကို အသုံးပြုတဲ့ အမေရိကန် အခြေစိုက် NGO တခု ဖြစ်တယ်။ WITNESS ဟာ လူတဦးတယောက်ချင်းရဲ့ ပုဂ္ဂိုလ်ရေး ညှင်းဆဲခံရမှု  ဖြစ်ရပ်တွေကို အားကောင်းတဲ့ တရားစီရင်ရေး၊ လူထု ထိတွေ့ဆက်ဆံရေးနဲ့ မူဝါဒ ပြောင်းလဲရေး လက်နက်တွေအဖြစ် အသွင်ပြောင်းလာအောင် လူတွေကို စွမ်းအား မြှင့်ပေးဖို့ ရည်ရွယ်ထားတယ်။ ဒီအခန်းမှာ ပါရှိတဲ့ သတင်း အချက်အလက် တချို့ဟာ WITNESS ရဲ့ လုပ်ငန်းနဲ့ အတွေ့အကြုံတွေအပေါ်မှာ အခြေခံထားတယ်။ ဗွီဒီယို လှုပ်ရှားမှု အစီအစဉ်မှာ ဗွီဒီယိုကို လူ့အခွင့်အရေး ထောက်ခံ လှုပ်ရှားမှုမှာ ထည့်သွင်းနိုင်မဲ့ အစီအစဉ် တခုခုကို ရေးဆွဲတဲ့အခါ ထည့်သွင်း စဉ်းစားရမဲ့ မေးခွန်း အတော်များများကို  အသေးစိတ် စီစဉ်ထားတယ်။ အကယ်လို့ မေးခွန်းတချို့ကိုပဲ ဖြေဆိုခဲ့တယ် ဆိုရင်တောင်၊ စည်းရုံးလှုပ်ရှားမှုနဲ့ ကိုက်ညီတဲ့ အစီအစဉ် တခုခုကို ဖန်တီးရာမှာ အထောက်အကူ ဖြစ်စေဖို့ ဆက်လက် လေ့လာပါ။ (အသေးစိတ် လေ့လာဖို့ ဒီနေရာကို နှိုပ်ပါ)

ဗွီဒီယို ပရိုဂျက်ကို စီစဉ်ရေးဆွဲတာဟာ မရှိမဖြစ် လိုအပ်တဲ့ အချက် ဖြစ်တယ်။ ရိုးရိုး ပရိုဂျက် တခုထဲမှာ အဓိက အဆင့် သုံးဆင့် ရှိပြီး အဆင့် တခုချင်းမှာ လုပ်ဆောင်ရမဲ့ အဆင့်တွေ အတော်များများ ပါတယ်။

 

  • ကြိုတင်-ထုတ်လုပ်ခြင်း
     

အစီအစဉ် ရေးဆွဲခြင်း - Witness ဗွီဒီယိုလှုပ်ရှားမှု အစီအစဉ်နဲ့ ဗွီဒီယို ထောက်ခံလှုပ်ရှားမှု လမ်းညွှန်ကို ဖတ်ရှုပါ
အသုံးစရိတ် စီစဉ်ခြင်း
ဇာတ်ညွှန်း ရေးသားခြင်း
ဇာတ်လမ်း အခင်းအကျင်း
လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ တည်နေရာတွေ၊ တွေ့ဆုံမေးမြန်းမဲ့ ပုဂ္ဂိုလ်တွေ၊ ခိုင်လုံတဲ့ အချက်အလက်တွေ၊ ရုပ်ပုံတွေ၊ ဇယားတွေ၊ အမှတ်တံဆိပ်တွေ၊ archive လုပ်ထားတဲ့ ဇာတ်ကား စတာတွေကို စစ်ဆေးပါ။
အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ရှိပြီးသား အသံ (သို့) ရုပ်ပုံတွေရဲ့ မူပိုင်ခွင့်ကို စစ်ဆေးပါ၊ လိုအပ်ရင် ခွင့်ပြုချက်တွေကို တောင်းခံပါ

 

  • ထုတ်လုပ်ခြင်း
     

ဗွီဒီယို ရိုက်ကူးခြင်း
Archive (သို့) တခြား ရှိထားပြီးသား ဇာတ်ကားကို ရှာဖွေပြီး ရယူထားပါ  

 

  • နှောင်းပိုင်း-ထုတ်လုပ်ခြင်း
     

ဇာတ်ကားကို မှတ်တမ်းတင်ပြီး ကူးရေးခြင်း
တည်းဖြတ်ခြင်း
ခေါင်းစဉ်များ၊ ခေါင်းစဉ်ငယ်များနဲ့ ဂုဏ်ပြုမှတ်တမ်းများ
ဘာသာပြန်ဆိုခြင်း (လိုအပ်ရင်)
မှတ်ချက် ပေးနိုင်ရန် တည်းဖြတ်မှု အကြမ်းတခုကို ပြသခြင်း
နောက်ဆုံး ပြင်ဆင်ချက်များနဲ့ စစ်ဆေးချက်များ
အသံ ရောနှောခြင်း
ဗွီဒီယိုကို အွန်လိုင်းနဲ့ အော့ဖ်လိုင်းမှာ ဖြန့်ဝေရန် စီစဉ်ခြင်း

 

  • ဖြန့်ဖြူးခြင်း
  • ကြော်ငြာခြင်း


အဲဒီအဆင့်တွေ အားလုံးကို ကြိုတင် စဉ်းစားထားပြီး စီစဉ်ပါ၊ ဥပမာ အားဖြင့်၊ ကြော်ငြာတဲ့နေရာမှာ ထုတ်လုပ်နေတဲ့ အတော်အတွင်း ရိုက်ယူထားတဲ့ ဓါတ်ပုံတွေ လိုအပ်လာမှာ ဖြစ်တယ်၊ သင် ဖြန့်ဖြူးတဲ့ နည်းလမ်းဟာ ဗွီဒီယို ဖန်တီးတဲ့ပုံစံ၊ ဇာတ်လမ်း ကြာချိန်နဲ့ ပါဝင်တဲ့ အကြောင်းအရာတွေအပေါ် သြဇာလွှမ်းမိုးမှု ရှိစေနိုင်တယ်။

ထိရောက်တဲ့ ဗွီဒီယို တကားကို ဖန်တီးတဲ့ နေရာမှာ ဆန်းသစ်တီထွင်မှု၊ ပေးဆပ်မှုတွေ ရှိဖို့ လိုတယ်၊ ဒါကြောင့် အစီအစဉ် ရေးဆွဲတဲ့ အဆင့်ကနေ ဖြန့်ဖြူးတဲ့ အဆင့်အထိ လုပ်ငန်းလည်ပတ်မှုတွေကို ကြီးကြပ်ဖို့ လူတွေ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဖို့ လိုတယ်။ ဗွီဒီယိုကို အပြီးသတ်တဲ့အထိ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ အချိန် အတိုင်းအတာကို ကြိုတင် စဉ်းစားထားပါ။ အကယ်လို့ အခမ်းအနား တခုခုအတွက် အချိန်မှီ လိုအပ်လာတယ် ဆိုရင်၊ အဲဒီ နေ့စွဲကနေ နောက်ပြန်ဆုတ်ပြီး အစီအစဉ် ချမှတ်ပါ၊ တခြား နည်းပညာဆိုင်ရာ အခက်အခဲတွေ (သို့) တခြား အရေးပေါ်ကိစ္စတွေအတွက် အချိန်တွေ အများကြီး ပေးပါ။ အများအားဖြင့်၊ စနစ်တကျ ထုတ်လုပ်ထားတဲ့ ဗွီဒီယို အစိတ်အပိုင်း တခုကနေ တမိနစ်စာ ဗွီဒီယို တကားကို တည်းဖြတ်ဖို့ တရက် အချိန်ယူဖို့ လိုတယ်။ အစီအစဉ် ရေးဆွဲတာဟာ ဗွီဒီယို ဖန်တီးမှုအတွက် ပထမဆုံး အဆင့် ဖြစ်ပြီး၊ စုစုပေါင်း အချိန်ရဲ့ ထက်ဝက်ကျော်ကို တည်းဖြတ်တဲ့နေရာနဲ့ ဖြန့်ဝေတဲ့ နေရာမှာ အသုံးချဖို့ ဖြစ်တယ်။

ပရိသတ်ကို ရွေးချယ်ပါ၊ ထုတ်လုပ်မှု မစတင်ခင် သူတို့ကို လက်လှမ်းမီနိုင်မဲ့ အကောင်းဆုံး မီဒီယာနဲ့ ဖြန့်ဖြူးရေး နည်းလမ်းတွေကို ရွေးချယ်ပါ။ ထောက်ခံလှုပ်ရှားမှု ဗွီဒီယိုကို စည်းရုံးလှုပ်ရှားမှုထဲ အစိတ်အပိုင်း တခုအနေနဲ့ စနှစ်တကျ အသုံးပြုတတ်ရင် အလွန် ထိရောက်မှု ရှိတယ်၊ ဆိုလိုတာက ရုပ်ရှင်ကား တကားကို ဖန်တီးထားပြီး အသုံးချမဲ့ နေရာကို ရှင်းရှင်းလင်းလင်း မသိတာမျိုး မရှိအောင် ဖြစ်တယ်။ အရွယ်အစား ပိုကြီးတိုင်း ကောင်းတာ မဟုတ်ဘူး။ သင် သုံးစွဲမဲ့ ဖြန့်ဝေရေး နည်းလမ်းကို အသုံးပြုပြီး အောက်ခြေလူတန်းစားတွေ၊ လူထု အသိုင်းအ၀ိုင်းတွေနဲ့ ချိတ်ဆက်မှု လုပ်တာဟာ၊ ပရိသတ် တဦးတယောက်က တီဗွီ ပရိုဂရမ် တခုခုကို အမှတ်တမဲ့ ကြည့်လိုက်တာထက်၊ လူထုတွေအပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်တယ်။

အတွေ့အကြုံရှိတဲ့ ရုပ်ရှင် ထုတ်လုပ်သူတွေဆီ အကြံအဉာဏ်တွေကို တောင်းခံဖို့ ၀န်မလေးပါနဲ့၊ မိမိကိုယ်တိုင် လုပ်ငန်းမစခင် တခြားသူတွေရဲ့ ပရိုဂျက်တွေမှာ ၀င်ရောက် ကူညီခြင်းဖြင့် အများကြီး သင်ယူလေ့လာနိုင်တယ်။
 

ဘယ်လို အရင်းအမြစ်တွေနဲ့ ကျွမ်းကျင်မှုတွေကို လိုအပ်မလဲ။

ဗွီဒီယိုတကား ဖန်တီးတဲ့အခါ ကုန်ကျမဲ့ စရိတ်စကဟာ လွန်ခဲ့တဲ့ ငါးနှစ် (သို့) ဆယ်နှစ် အချိန်တုန်းကနဲ့ နှိုင်းယှဉ်ရင် အတော်လေး နည်းပါးလာပြီိ ဖြစ်တယ်၊ ဒါပေမဲ့ သင် စီစဉ်နေတဲ့ ဗွီဒီယို အမျိုးအစားအပေါ်မှာ မူတည်ပြီး၊ လိုအပ်လာမဲ့ အချက် တချို့ ရှိလာမှာ ဖြစ်တယ် -
 
  • ဗွီဒီယို ကင်မရာ - ဗွီဒီယို ရိုက်ကူးနိုင်တဲ့ လက်ကိုင်ဖုန်း တလုံး ဖြစ်နိုင်သလို၊ ဒစ်ဂျစ်တယ် ကင်မရာ တလုံး ဖြစ်နိုင်တယ်။ အကယ်လို့ ရုပ်ရှင်ကား အသစ်တွေကို မဖန်တီးပဲ ရှိထားပြီးသား ဇာတ်ကားတွေကိုပဲ တည်းဖြတ်မယ် ဆိုရင်၊ ကင်မရာကို သုံးစွဲဖို့ လိုအပ်လာမှာ မဟုတ်ဘူး။
  • ဆော့ဗ်ဝဲ - ဒီကိရိယာကို သုံးစွဲတဲ့ သူအတော်များများအတွက် သင့်လျှော်ပြီး အလွယ်တကူ ရရှိနိုင်တဲ့ အခမဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ ကိရိယာတွေ၊ အခကြေး ပေးဆောင်ရတဲ့ စီးပွားဖြစ် ကိရိယာတွေကို ဖေါ်ပြပေးသွားမှာ ဖြစ်တယ်။
  • ကွန်ပျူတာ - ရုပ်ရှင်ကား တကားကို (ဒီအပိုင်းကို ချန်ထားနိုင်တယ် (သို့) တခြား သူတွေကို တည်းဖြတ်စေနိုင်တယ်) တည်းဖြတ်တော့မယ် ဆိုရင်၊ လိုအပ်လာမဲ့ ဈေးအကြီးဆုံး ပစ္စည်းကတော့ ကွန်ပျူတာ ကောင်းကောင်း တလုံးပဲ ဖြစ်တယ်။ အခုခေတ်မှာ အလယ်အလတ် တန်းစား ကွန်ပျူတာ အတော်များများကို အသုံးပြုပြီး အခြေခံ ဗွီဒီယို တည်းဖြတ်မှုတွေကို လုပ်ဆောင်နိုင်တယ်။ အကယ်လို့ ကြီးကျယ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်တော့မယ် ဆိုရင်၊ ကွန်ပျူတာထဲမှာ ဗွီဒီယိုကားကို ဆန်းဆန်းပြားပြား တည်းဖြတ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ မရှိဘူးဆိုရင်၊ အင်ဂျီအိုကြီးတွေ၊ တက္ကသိုလ် (သို့) အသင်းအဖွဲ့နဲ့ဆိုင်တဲ့ မီဒီယာဌာန တခုခုမှာ ရှိတဲ့ ကွန်ပျူတာကို အသုံးပြုနိုင်ဖို့ နည်းလမ်း ရှာဖွေနိုင်တယ်။
  • ထုတ်လုပ်ခြင်းနဲ့ နှောင်းပိုင်း-ထုတ်လုပ်ရေး ရန်ပုံငွေများ - တခြား စဉ်းစားရမဲ့ အသုံးစရိတ်တွေ ကတော့ (ဗွီဒီယို ရိုက်ကူးခြင်းနဲ့ ဆိုင်တဲ့) ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်တွေ၊ တည်းဖြတ်ပြီး (ပရင့်ထုတ်ခြင်းနဲ့ DVD ဖြန့်ဝေခြင်း) ဖြန့်ဝေရာမှာ သုံးစွဲမဲ့ ကုန်ကျစရိတ်တွေ ဖြစ်တယ်။

ကျွမ်းကျင်မှုများ

ဗွီဒီယိုကို စုစည်းတဲ့နေရာမှာ၊ ကင်မရာ တလုံးကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုတတ်မှုနဲ့ အသံကို စနှစ်တကျ  ဖမ်းယူနိုင်မှုတို့ဟာ မရှိမဖြစ် လိုအပ်တယ်။ ရှိပြီးသား ဇာတ်ကားကို ရောစပ်နိုင်သလို (သို့) အသံနဲ့ တေးဂီတကို ရောစပ်ပြီး ရုပ်ပုံတွေကို အသုံးပြုနိုင်တယ်။

တည်းဖြတ်တဲ့နေရာမှာ ကျွမ်းကျင်မှုတွေ လိုအပ်တယ်၊ အခုမှ သင်ယူလေ့လာနေတဲ့ ပုဂ္ဂိုလ်တွေကလည်း အလွယ်တကူ နားလည်နိုင်တယ်။ အတွေ့အကြုံ ရှိပြီး စေတနာနဲ့ တည်းဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ် တယောက်ယောက်ကို ဖြစ်ဖြစ်၊ (သို့) ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် တယောက်ယောက်ကို အခကြေး ပေးပြီး ဖြစ်ဖြစ် နည်းလမ်းတွေ ရှာဖွေနိုင်တယ်။

ဖြန့်ဝေမှုနဲ့ ပြသပွဲကိုတော့ ဗွီဒီယို၊ ပြစက် (ဥပမာ - ကွန်ပျူတာ၊ ပရိုဂျက်တာ) တွေနဲ့ ပြသနိုင်တဲ့ အခန်း ရနိုင်တဲ့ ဘယ်နေရာမှာ မဆို လူတိုင်း လုပ်လို့ရတယ်။

တတ်ကျွမ်းထားရမဲ့ ကျွမ်းကျင်မှု တချို့ကတော့ -
  • အစီအစဉ်ရေးဆွဲခြင်းနဲ့ အသုံးစရိတ် သတ်မှတ်ခြင်း
  • တွေ့ဆုံမေးမြန်းမဲ့ သူများ၊ ငွေကြေးထောက်ပံ့သူများ၊ တခြား ပါဝင်လာမဲ့ ပုဂ္ဂိုလ်များနဲ့ အဆက်အသွယ် လုပ်ခြင်းနဲ့ ညှိနှိုင်းဆောင်ရွတ်ခြင်း
  • ကင်မရာ သုံးစွဲခြင်း
  • အသံဖမ်းယူခြင်း
  • ဗွီဒီယိုနဲ့ Effects များ တည်းဖြတ်ခြင်း
  • လိုင်စင်များ၊ ခွင့်ပြုချက်နဲ့ မူပိုင်ခွင့်များကို စီစဉ်ခြင်း
  • တေးဂီတနဲ့ အသံ ပေါင်းစပ်ခြင်း
  • ကူးယူခြင်းနဲ့ ဘာသာပြန်ဆိုခြင်း
  • အင်တာနက်နဲ့ DVD အတွက် Encoding ပြုလုပ်ခြင်း
  • ဒီဇိုင်းနဲ့ ကြော်ငြာကို ထုတ်ပိုးခြင်း

အဖြစ်အပျက်၊ စတိုင်၊ အနှစ်ချုပ်
 

သင်ရည်ရွယ်ထားတဲ့ ပရိသတ်တွေရဲ့ အမူအကျင့်တွေ၊ သူတို့ဆီကနေ ရရှိနိုင်တဲ့ အရင်းအမြစ်တွေက သင့်ရဲ့ ဗွီဒီယိုတွေအပေါ် လွှမ်းမိုးလာနိုင်သလို၊ ဗွီဒီယိုတွေကို ပေးပို့တဲ့နည်းလမ်း၊ ဖြန့်ဝေတဲ့ နည်းလမ်း၊ ဗွီဒီယိုရဲ့ ကြာချိန်နဲ့ သုံးစွဲတဲ့ ဘာသာစကား(တွေ) အပြင်၊ အခန်းဆက် အတွဲတွေ ထားရှိသင့် မသင့် စတာတွေအပေါ် သြဇာ သက်ရောက်မှု ရှိစေမှာ ဖြစ်တယ်။

သင့်ရဲ့ ပရိသတ်တွေဟာ အင်တာနက်ကို အသုံးပြုနိုင်ကြသလား။ မြန်နှုန်းမြင့် broadband (သို့) အတော်လေး နှေးကွေးတဲ့ dial-up အသုံးပြုနိုင်သလား။ DVD ပြစက်တွေ၊ တီဗွီတွေ ရှိသလား။ လူထု စည်းဝေးပွဲတွေကို တက်ရောက်ခဲ့ကြသလား။ ဥပမာ အားဖြင့်၊ အကယ်လို့ အင်တာနက် မသုံးစွဲတဲ့ အလုပ်သမားတွေဆီ သွားမယ် ဆိုရင်၊ အလုပ်သမား အခွင့်အရေးနဲ့ ပါတ်သက်တဲ့ နှစ်ဆယ့်ငါး မိနစ်စာ DVD ဇာတ်ကား တကားဟာ လုံလောက်မှု ရှိပါတယ်။ အကယ်လို့ ပင်လယ်ပြင်မှာ အလွန်အကျွံ ငါးမြှားနေကြတဲ့အကြောင်းကို ကော်လိပ် ကျောင်းသူ/သားတွေဆီမှာ အသိပညာပေးချင်တယ် ဆိုရင်၊ မိနစ် နှစ်ဆယ်စာ ရှိတဲ့ ရယ်စရာ သက်ဝင်ကာတွန်း တခုကို ဖန်တီးနိုင်ပြီး၊ လူသုံးများတဲ့ ဗွီဒီယို ဝေမျှရေး ၀န်ဆောင်မှုလုပ်ငန်းတွေ၊ လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေမှာ ဖြန့်ဝေနိုင်တယ်။

ဓါတ်လှေကား တခုမှာ သင့်ရဲ့ ဗွီဒီယို ပရိုဂျက်အတွက် ငွေကြေး ထောက်ပံ့ပေးနိုင်တဲ့ ပုဂ္ဂိုလ်တဦးနဲ့အတူ ရှိနေတယ် ဆိုပါစို့။ အဲဒီ ပုဂ္ဂိုလ်ဆီမှာ သင့်ရဲ့ ဗွီဒီယိုထဲမှာ တည့်သွင်းမဲ့ အကြောင်းအရာကို အကျုဉ်းချူံးပြီး၊ ပွဲကြည့်ပရိသတ်တွေက မြင်တွေ့လာမဲ့ အကြောင်းအရာတွေ၊ အဲဒီ ဗွီဒီယိုရဲ့ အရေးပါမှုကို ရှင်းပြဖို့ အထပ်ပေါင်း ၁၀ ထပ် (သို့) ၁၀ စက္ကန့်ပဲ ရတယ် ဆိုရင်၊ အဲဒီလို အခြေအနေအတွက် အဆင်သင့် ပြင်ထားသလား။

ဗွီဒီယိုနဲ့ ပါတ်သက်တဲ့ သတင်းစကား၊ အဖြစ်အပျက်နဲ့ ဇာတ်ကြောင်းတွေကို လိုရင်းတိုရှင်း ပြောပြနိုင်ဖို့ လေ့ကျင့်ထားတာ အရေးကြီးတယ်။ ပွဲကြည့်ပရိသတ်တွေက သင့်ရဲ့ ဗွီဒီယိုထဲမှာ မြင်တွေ့လာ၊ ကြားနာလာမဲ့ အကြောင်းအရာတွေကို ရှင်းပြတဲ့ စာပိုဒ် (သို့) အကျဉ်းချုပ်လေး တခုကို အစမ်း ရေးကြည့်ပါ။ ဗွီဒီယိုထဲက အကြောင်းအရာ တခုခုနဲ့ ပါတ်သက်တဲ့ အတိုချုပ် (သို့) ဆန်းစစ်လေ့လာချက် တခုခု မဖြစ်ရဘူး။ ဒါပေမဲ့ အဖြစ်အပျက်နဲ့ ပါတ်သက်ပြီး သင့်ရဲ့ ရှုမြင်သုံးသပ်ပုံ ဖေါ်ပြချက် တခု ဖြစ်ရမယ်။ ရေးသားချက် အားလုံးဟာ ဗွီဒီယိုထဲမှာ မြင်တွေ့နိုင် (သို့) ကြားနိုင်တဲ့ အကြောင်းအရာတွေနဲ့ အဆက်အစပ် ရှိနေရမှာ ဖြစ်တယ်။ အဲဒီ အကျဉ်းချုပ်ဟာ ဗွီဒီယိုဇတ်ကားရဲ့ အသွားအလာနဲ့ ခံစားချက်တွေ၊ ဥပမာ အားဖြင့် -  အမြန်တီးခတ်တဲ့ တေးဂီတကို ထည့်သွင်းထားတဲ့ ပုံစံ၊ ပိုပြီး ရှည်လျားတဲ့ အဖြစ်အပျက် တခုခု (သို့) ညံ့ဖျင်းတဲ့ ရုပ်ပုံတွေ ပေါင်းစပ်ထားတဲ့ ခေါင်းစဉ် ကဒ်လေးတွေကို ဖေါ်ပြဖို့ လိုတယ်။

ဗွီဒီယိုထဲမှာ အရေးအကြီးဆုံး အဓိက သတင်းစကားတွေကို ရွေးချယ်ပြီး လုပ်ငန်း စတင်လိုက်ပါ။ ပြီးစီးသွားတဲ့အခါ၊ ဘယ်သူက ပုံပြောမယ်၊ အဖြစ်အပျက်ကို ပြောပြတဲ့အခါ ဘယ်လို ကိရိယာမျိုးကို အသုံးပြုမယ် စတဲ့ အသေးစိတ် အချက်အလက်တွေကို အဓိကထားပါ။
 

နမူနာ အကျဉ်းချုပ်

မြန်မာပြည်မှာ ပြည်တွင်း အိမ်ရာစွန့်ခွာသွားကြတဲ့ လူတွေအကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ ဗွီဒီယို တကားရဲ့ အကျဉ်းချုပ် နမူနာတခု ဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာ ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်အစိုးရကြောင့် အိမ်ရာ စွန့်ခွာပြေးခဲ့ကြရတဲ့ လူတွေက ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ လုံခြုံရေး အခြေအနေ ဆိုးရွားနေမှုတွေကို တင်ဆက်ထားတယ်။ စစ်အစိုးရရဲ့ ကျူးလွန်မှုတွေကို ဓါတ်ပုံတွေနဲ့ ခပ်သွက်သွက်လေး ပြသထားတယ်။ ခေါင်းစဉ် - ကဒ်လေးတွေကို အသုံးပြုပြီး လူဘယ်နှစ်ယောက်က အိမ်ရာကို စွန့်ခွါ ထွက်ပြေးခဲ့ကြတယ် စတဲ့ အချက်အလက်တွေနဲ့၊ လှုပ်ရှားမှုထဲကနေ ရရှိ သတင်း အချက်အလက်တွေကို ကျွန်ပ်တို့ ဆန်းစစ် လေ့လာခဲ့ကြတယ်။ အဲဒီနောက် ရွာသားတွေက တောထဲမှာ သူတို့ ပုန်းခိုနေစဉ် အတွေ့အကြုံတွေနဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြောပြခဲ့ကြတယ်။ သူတို့ အပါအ၀င် သူတို့ ကလေးတွေရဲ့ မျှော်လင့်ချက်နဲ့ ကြောက်လန့်မှုတွေကို ပြောပြခဲ့ကြတယ်။ အဲဒီ တွေ့ဆုံမေးမြန်းချက်တွေနဲ့ စကားပြောဆိုချက်တွေကို ၂၀၀၆ ခုနှစ် စစ်မြေပြင်ဒေသမှာ ရှိကြတဲ့ ရွာသားတွေက ဆက်လက် တွေ့ကြုံ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ထင်ဟပ်စေတဲ့ နေ့စဉ်ဖြတ်သန်းမှု အစီအစဉ်တခုအဖြစ် ဖေါ်ပြထားတယ်။ သူတို့ဟာ သူတို့ရဲ့ လယ်ကွင်းတွေမှာ အုပ်စုငယ်လေးတွေ ခွဲပြီး နေထိုင်ခဲ့ကြတယ်၊ ယာယီ အိမ်တွေမှာ နေထိုင်ကြပြီး ကွင်းပြင်မှာ ရှိတဲ့ သူတို့ ရွာကို စွန့်ခွါ ရှောင်တိမ်း နေကြတယ်။ သူတို့ဆီမှာ အစားအစာ အနည်းငယ်ပဲ ရှိတယ်၊ ပညာရေး အခွင့်အလမ်းလည်း မရှိကြဘူး၊ ကျန်းမာရေး စောင့်ရှောက်မှု အကန့်အသတ်နဲ့ပဲ နေကြတယ်၊ လုံခြုံမှု မရှိပဲ နေထိုင်ကြရတယ်။ တိုက်ခိုက်မှုတွေကို ရှောင်ရင်း ကျွန်တော်တို့အဖွဲ့ဟာ သူတို့နဲ့အတူ နေ့ရော ညပါ တောလမ်းအတိုင်း ခရီးဆက်ကြရတယ်၊ သူတို့ရဲ့ အစားအစာ ရိက္ခာတွေကို ၀ှက်ထားနေကြတဲ့အခါ သူတို့အနားမှာပဲ ကျွန်တော်တို့ ရှိနေတယ်၊ သူတို့ ကျောမှာ ထမ်းပိုးနိုင်သလောက် အထုပ်အပိုးတွေကို ပြင်ဆင်ပြီး တိုက်ခိုက်မှု အသစ်ကို ရှောင်ရှားနိုင်ဖို့ ထပ်မံ ပြင်ဆင်ကြရတယ်။ သူတို့ အရေးကိစ္စကို ထောက်ခံမှုပေးဖို့၊ အစိုးရက တိုက်ပွဲတွေကို ရပ်တန့်လာအောင် ဖိအားပေးကြဖို့ တောင်းဆိုချက်ကို နောက်ဆုံး ခေါင်းစဉ်-ကဒ်ကလေး အပါအ၀င်၊ ရှင်းလင်းပြတ်သားတဲ့ ခေါ်သံနဲ့ ဗွီဒီယိုကို အဆုံးသတ်ထားတယ်။

ဇာတ်ကြောင်းပြောခြင်း

စိတ်ဝင်စားစရာ ကောင်းတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေဟာ စွဲဆောင်မှု ကောင်းတဲ့ ဗွီဒီယိုကို ဖြစ်ပေါ်စေတယ် ဆိုတဲ့အချက်ကို သတိရပါ။ ရည်ရွယ်ထားတဲ့ ပရိသတ်တွေက ဇတ်ကြောင်းပြောတဲ့ ပုဂ္ဂိုလ်(တွေ)အပေါ် တုံ့ပြန်လာမဲ့ ပုံစံကို ဆန်းစစ်ပါ၊ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်တဲ့ တွေ့ဆုံ မေးမြန်းချက်တခုဟာ ပရိသတ်ရဲ့ လက်ခံမှုကို ရရှိနေဖြစ်ပြီး မတူကွဲပြားတဲ့ တရားရေးရာ (သို့) ပေါ်လစီ ချမှတ်မှုတွေကို ဖြေရှင်းတဲ့ နေရာမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ်။ တခါတလေ မိမိရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်ကို ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်ဖို့ အကောင်းဆုံး ဖြစ်တယ်။

ဒီဟန်ချက်ညီမျှမှုဟာ - ဥပမာ အားဖြင့်၊ ခိုင်လုံတဲ့ အချက်အလက်တွေပေါ်အခြေခံပြီး ဇာတ်ကြောင်း ပြောနေသလား (သို့) ဖေါ်ပြနေသလား၊ အဲဒီ အချက်တွေဟာ ကိုယ်ပိုင် သဘောထားတွေ ဟုတ်မဟုတ် စတာတွေအပေါ် သင်ထားရှိတဲ့ သဘောထားအမြင် အားလုံးမှာ မူတည်တယ်၊

အကယ်လို့ ရုပ်ရှင်ထဲက ဇာတ်ကြောင်းပြောတဲ့သူ တဦးတယောက်ကို သုံးမယ် ဆိုရင်၊ ဘယ်သူ့ကို ဦးစားပေး ရွေးချယ်မလဲ၊ အဲဒီပုဂ္ဂိုလ်ကို ဘယ်လို ခေါ်ယူမလဲ။ ဇာတ်ကြောင်း ပြောသူတွေဟာ ရုပ်ရှင်ကား တကားကို ဖန်တီးတဲ့နေရာမှာ ဖြစ်ဖြစ်၊ သတင်း အချက်အလက်တွေရဲ့ ဟာကွက်တွေကို ဖြည့်ဆည်းပေးတဲ့နေရာမှာ အတော်လေး အသုံးဝင်တယ်။ ဒါပေမဲ့၊ တချို့ ပရိသတ်တွေ အတွက်ကတော့၊ ဇာတ်ကြောင်းပြောတာဟာ ကိုယ်လိုချင်တဲ့ ပုံစံနဲ့ ကြိုးကိုင်ချင်တဲ့ ပုံစံ (သို့) ရှုမြင်သုံးသပ်ချက် ဒါမှမဟုတ် ထင်မြင်ချက် တခုခုကို အသားပေး ဖေါ်ပြနေသလို မှတ်ယူတတ်ကြတယ်။ ဇာတ်ကြောင်းပြောသူ တဦးတယောက်ကို ရွေးချယ်တဲ့နေရာမှာ စဉ်းစားရမဲ့ တခြား အခက်အခဲလေးတွေကတော့ အများရဲ့ လက်ခံနိုင်မှုရှိခြင်း၊ လိင်၊ မွေးရပ်ဌာနေ၊ လူသိထင်ရှားပြီး လူသိများမှု၊ ပါဝင်လုပ်ဆောင်နိုင်မှု/သုံးစွဲနိုင်မှု စတာတွေ ပါဝင်တယ်။

သင့်ရဲ့ ပန်းတိုင်တွေနဲ့ ကိုက်ညီမှုဆုံး ပုံစံက ဘယ်ဟာလဲ။
 

  • တွေ့ဆုံမေးမြန်းချက်များ - ဗွီဒီယို တွေ့ဆုံမေးမြန်းခန်း တခုကို ဖန်တီးတဲ့အခါ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရရှိနိုင်တဲ့ အခွင့်အလမ်း နည်းပါးတဲ့ အခြေအနေတွေ ရှိနိုင်တယ်။ ကင်မရာ တလုံးနဲ့ မိုက်ခရိုဖုန်း၊ အခြေခံ ရိုက်ကူးရေး နည်းပညာနဲ့ လေးနက်တဲ့ မေးခွန်းတွေ၊ အယူအဆ တခုခုကို မိတ်ဆက်တဲ့ နေရာမှာ (သို့) ပွဲကြည့်ပရိသတ်တွေ ပါဝင်လာအောင် လှုံ့ဆော်တဲ့နေရာတွေမှာ သုံးစွဲနိုင်တဲ့ ဆွဲဆောင်မှု အားကောင်းတဲ့ မီဒီယာ အစိတ်အပိုင်း တခုခုကို သင် ဖန်တီးနိုင်တယ်။
  • အဓိက လှုပ်ရှားမှုများ - ဗွီဒီယို အမျိုးအစားတွေဟာ မတရားမှုကို အသားပေးပြီး လျှို့ဝှက် မှတ်တမ်းတင်တွေကအစ ချီတက်မှု တခု (သို့) စုဝေးမှု တခုခုနဲ့ ပါတ်သက်တဲ့ ဗွီဒီယို မှတ်တမ်းတင် ရိုက်ကူးထားချက်တွေအထိ အမျိုးမျိုး ရှိကြတယ်။ အဲဒီလို မှတ်တမ်းမှတ်ရာတွေကို ရိုးရိုးလေး မှတ်တမ်းတင်ထားနိုင်တယ်၊ ဒါပေမဲ့ အဲဒီလို ဗွီဒီယိုမျိုးကို လူသိရှင်ကြား ထုတ်ပြန်တဲ့ နေရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ privacy နဲ့ လုံခြုံရေးကိစ္စတွေကို သတိထားရမှာ ဖြစ်တယ် (ဆက်လက် ဖတ်ရှုရန်)
  • သက်သေခံချက်များ - သက်သေခံချက်တွေက ပုဂ္ဂိုလ် တဦးတယောက်နဲ့ စောင့်ကြည့်နေတဲ့ ပရိသတ် နှစ်ဦးနှစ်ဖက် စလုံးကို ဆွဲဆောင်နိုင်တယ်။ စည်းလုံးညီညွှတ်ရေးကို တည်ဆောက်တဲ့ နေရာမှာ၊ အသင်းအဖွဲ့တွေ အသီးသီး ပါဝင် လှုပ်ရှားလာအောင် နိုးဆော်တဲ့နေရာမှာ (သို့) မိမိရဲ့ အဖွဲ့အစည်းကို မြှင့်တင်တဲ့ နေရာမှာ သက်သေခံချက်တွေကို အသုံးပြုနိုင်တယ်။
  • ပြဇာတ်/ပုံပြင် - တက်ကြွလှုပ်ရှားသူတွေရဲ့ ဗွီဒီယိုဟာ ဇတ်လမ်းပုံပြင် မဆန်ရဘူးလို့ တချို့ လူတွေက ယူဆတတ်ကြတယ်။ ဒါပေမဲ့ ပုံပြင် (သို့) ပြဇာတ်တွေဟာ ပွဲကြည့် ပရိသတ်တွေဆီက မေးခွန်းကောင်းတွေ၊ အကြံအဉာဏ်သစ်တွေ ရယူစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ပေးနိုင်တဲ့ ကိရိယာတွေ ဖြစ်ကြတယ်။
  • ရယ်စရာဟာသ - ရယ်စရာဟာသဆိုတာ မူဝါဒ၊ အယူအဆ၊ (သို့) ရပ်တည်ချက် တခုခုကနေ ရယ်စရာ အဖြစ်အပျက်တွေကို လူထုကြား ရောက်ရှိအောင် လုပ်ဆောင်ပေးတဲ့ နည်းလမ်းကောင်း တခု ဖြစ်တယ်။အဲဒါကို တခြား ပုံစံတွေနဲ့ ပေါင်းစပ်လို့ ရတယ်။
  • သက်ဝင်ကာတွန်း – တချို့ သက်ဝင်ကာတွန်း အမျိုးအစားတွေကို ဖန်တီးတဲ့ နေရာမှာ အထူး ကျွမ်းကျင်မှုတွေ၊ ပစ္စည်းကိရိယာတွေနဲ့၊ ဆော့ဗ်ဝဲတွေ လိုအပ်တယ်။ ဒါပေမဲ့၊ ဒစ်ဂျစ်တယ် ကင်မရာ၊ marker ဘောပင်နဲ့ white-board တခုကို အသုံးပြုပြီး ရိုးရိုးလေး ဖန်တီးနိုင်တယ်။ အဆင့်မြင့်တဲ့ သက်ဝင်ကာတွန်းတွေကို ဖန်တီးဖို့ အချိန်အတော်လေး ယူရမှာ ဖြစ်တယ်။
  • တေးဂီတ ဗွီဒီယို - ဆွဲဆောင်မှု ရှိတဲ့ ရုပ်ပုံတွေကို တေးဂီတနဲ့ ပေါင်းစပ်ခြင်းဖြင့် အစွမ်းထက်တဲ့ ရလဒ်တွေကို ဖြစ်ပေါ်လာစေနိုင်တယ်။ အကယ်လို့ သင့်ရဲ့ သတင်စကားဟာ အတော်လေး သိမ်မွေ့နေရင် စာသားတွေကို ထည့်သွင်းဖို့ လိုအပ်တယ်။ ရှိထားပြီးသား တေးဂီတ အတော်များများကို မူပိုင်ခွင့်တွေနဲ့ အကာအကွယ် လုပ်ထားတာကို သတိထားပါ။

ဗွီဒီယိုကို ဇာတ်ကွက်အလိုက် စီစဉ်ခြင်း

ဇာတ်ကွက် တကွက် ဆိုတာ အယူအဆ (သို့) လှုပ်ရှားမှု တခုခုကို ပေါ်လွင်အောင် အတူ စုစည်းထားတဲ့ ရိုက်ကွက် အစုအစည်း တခု ဖြစ်တယ်။ ဇာတ်ကြောင်းထဲမှာ တင်ပြလိုတဲ့ အစီအစဉ်တွေကို အကြမ်းဖျင်း ဖေါ်ပြချက် (သို့) စာရင်းတခုထဲမှာ ရေးမှတ်ပါ။ အဲဒီအကြမ်း ဖော်ပြချက်ထဲမှာ ဖြစ်စေချင်တဲ့ ရိုက်ကွက် ပုံစံတွေရဲ့ စိတ်ကူးယဉ် အကြမ်းရေးဆွဲချက်တွေကို storyboard လို့ခေါ်တယ်။ ပွဲကြည့်ပရိသတ်တွေက ဘာတွေ မြင်လာပြီး ဘာတွေကို ကြားသိလာမယ် - ဘယ်သူက ဘာလုပ်နေတယ်၊ သူတို့ ဘာတွေ ပြောနေကြတယ် - စတဲ့ အချက်တွေကို ဖေါ်ပြဖို့ လိုတယ်။

မြင်ကွင်း အစိတ်အပိုင်းများ

ဇာတ်ကြောင်းကို ပြောပြတဲ့အခါ အသုံးပြုနိုင်တဲ့ မြင်ကွင်း အစိတ်အပိုင်းတွေ (သို့) နညးပညာတွေ အများအပြား ရှိတယ်။ တချို့ကို ဒီနေရာမှာ ရွေးချယ်နိုင်တယ် -

  • ဖြစ်ပျက်နေတဲ့ ရုပ်ပုံလွှာများ - လူတွေက မှတ်ချက် တစုံတရာ ပေးတာ မဟုတ်ပဲ၊ တခုခုကို လုပ်နေတာတို့၊ လမ်းလျှောက်ရင်း စကားပြောနေကြတာတို့ ပါဝင်တယ်။
  • ရှုခင်းများနဲ့ မြင်ကွင်းအမျိုးမျိုး - နေရာဒေသတွေ၊ သက်ဝင်လှုပ်ရှားမှု မရှိတဲ့ ရုပ်ဝတ္ထူတွေဟာ အဖြစ်အပျက် (သို့) အကြောင်းအရာထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတယ်။
  • မှတ်တမ်းတင်ထားတဲ့ စကားပြောဆိုချက်များ - ကင်မရာ ရိုက်ကူးနေတာကို သတိထားမိပေမဲ့ ဆက်ပြီး စကားပြောနေကြတဲ့ လူစု ဖြစ်တယ်၊ ဒါပေမဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းတာတော့ မဟုတ်ဘူး။
  • ၀ှက်ထားတဲ့ ကင်မရာ - ကင်မရာကို ပိတ်မထားပဲ (သို့) ၀ှက်ထားပြီး တယောက်နဲ့ တယောက် စကားပြောနေကြတာကို ရိုက်ကူးတာ ဖြစ်တယ်။ မှတ်ချက် - ဒီနေရာမှာ လူမျိုးရေး၊ ပိုဂ္ဂိုလ်ရေး privacy နဲ့ လုံခြုံရေး မေးခွန်းတွေကို စဉ်းစားဖို့ လိုတယ် (ဆက်လက်ဖတ်ရှုရန်)။
  • ပြန်လည်-သရုပ်ဆောင်ချက်များ - တကယ့် ဖြစ်ရပ်မှန် မြင်ကွင်းတွေကို တိတိကျကျ ရိုက်ကူးလို့ မရဘူး၊ (သို့) အတိတ်မှာ ဖြစ်ပျက်ခဲ့ပြီး ဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ပါတ်သက်ပြီး၊ အကယ်လို့ အဲဒီ မြင်ကွင်းတွေကို ထည့်သွင်း မရိုက်ကူးခဲ့ရတဲ့ အခြေအနေ၊ (သို့) ပြန်ပြီး သရုပ်ဆောင်ဖို့ လိုနေတဲ့ အခြေအနေတွေဟာ ပရိသတ်အတွက် မရှင်းမလင်း ဖြစ်လာနေတယ် ဆိုရင်၊ လူအများက လက်ခံနိုင်ဖို့ အခက်အခဲတွေ ရှိလာမှာ ဖြစ်တယ်၊
  • ခံစားချက်ကို ဖေါ်ကျူးတဲ့ ရိုက်ကွက်များ - အယူအဆ တခုခုကို ထင်ဟပ်စေတဲ့ အမှတ်အသား (သို့) အနုပညာ ခံစားချက် (သို့) မရောက်ရှိနိုင်တဲ့ နေရာဒေသ တခုခုကို ထင်ဟပ်စေတဲ့ အချက်တွေကို ပံ့ပိုးပေးတာ ဖြစ်တယ်၊ ဥပမာ အားဖြင့် - အတိတ်မှာ ဖြစ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းချက်တွေ ပါဝင်တယ်။
  • ပုံရိပ်ကို ကိုင်တွယ်ခြင်း - အနှေး ရွေ့လျားမှု၊ ရှေ့ကို အမြန်ရစ်ပြီး တခြား effects တွေကို ထည့်သွင်း အသုံးပြုတာ ဖြစ်တယ်။
  • ဓါတ်ပုံတွေ၊ မြေပုံတွေ၊ ဇယားတွေ (သို့) မှတ်တမ်းမှတ်ရာတွေ - ရုပ်ငြိမ်ကင်မရာ တလုံးနဲ့ ရိုက်ကူးတာတို့ (သို့) အဆက်မပြတ် လှည့်ရိုက်တာတို့၊ ရွှေ့လျားရင်း ရိုက်ကူးတာတို့ (သို့) အနီးအဝေး ချိန်ရိုက်တာတို့ ပါဝင်တယ်။
  • စာသား - မျက်နှာပြင်ပေါ်က ခေါင်းစဉ်တွေ၊ ခေါင်းစီးပိုင်းတွေ၊ နာမည်တွေ/ အသင်းအဖွဲ့တွေ၊ ဆန်းသစ်တီထွင်ထားတဲ့ သတင်း အချက်အလက်အတွက် ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ ရုပ်ပုံကားချပ်တွေ ပါဝင်တယ်။ အကြားအာရုံ ချို့ယွင်းတဲ့ သူတွေအတွက် စာတန်းထိုးတွေ၊ နိုင်ငံခြား ဘာသာစကားတွေနဲ့ ဘာသာပြန်ဆိုချက်တွေကို ထုံးစံအတိုင်း တည်းဖြတ်တဲ့ အဆင့်မှာ ထည့်သွင်းလေ့ ရှိတယ်၊ ဒါပေမဲ့ သီးခြား ဒစ်ဂျစ်တယ် ဖိုင်တွေအဖြစ်နဲ့ သိမ်းထားတာ ပိုပြီး ထိရောက်မှု ရှိတယ် (ဆက်လက် ဖတ်ရှုရန်)။
  • Archive လုပ်ထားတဲ့ ရုပ်ရှင်ကား - ဒါတွေကို အဆင့်မြင့်တဲ့ archive တနေရာရာကနေ ဖြစ်ဖြစ်၊ (သို့) ပုဂ္ဂိုလ်ရေး အမှတ်တရ ပစ္စည်းကနေပဲ ဖြစ်ဖြစ်၊ တခြား ရုပ်ရှင်ကားတွေကနေပဲ ဖြစ်ဖြစ် ရရှိနိုင်တယ်။ စီးပွားဖြစ် အရင်းအမြစ်တခုခုဆီက ရရှိတဲ့ ရုပ်ရှင်ကားဟာ တန်ဖိုးကြီးမြင့်ပြီး အဲဒီလို ရုပ်ရှင်ကားကို အသုံးပြုခွင့် ရရှိဖို့လည်း အခက်အခဲ ရှိနိုင်တာကို သတိပြုပါ။
     
  • Blank screen - ရုပ်ပုံတွေ (သို့) အစီအစဉ်တွေကို အပိုင်းခွဲတဲ့နေရာမှာ အသုံးပြုပြီး ပွဲကြည့် ပရိသတ်က မြင်တွေ့သွားခဲ့တဲ့ အကြောင်းအရာ၊ ကြားနာခဲ့တဲ့ အကြောင်းအရာကို ရောင်ပြန်ဟပ်ဖို့၊ နောက်လာမဲ့ အကွက်ကို အသင့်အနေအထား ရှိစေဖို့၊ အစီအစဉ် (သို့) တည်နေရာ အပြောင်းအလဲ တခုခုကို ပြညွှန်ဖို့၊ (သို့) အသံတွေကို သိသာထင်ရှားစေဖို့ အသုံးပြုတယ်။


အသံ အစိတ်အပိုင်းများ

  • တွေ့ဆုံမေးမြန်းခံရသူ ပြောဆိုချက် - အသံကို သီးခြား ဖမ်းယူနိုင်တယ် (သို့) ဗွီဒီယို တွေ့ဆုံ မေးမြန်းခန်း တခုထဲက အသံကို ပြန်အသုံးပြုနိုင်တယ်၊ (သို့) ဗွီဒီယိုနဲ့ အသံ နှစ်ခု စလုံးကို အသုံးပြုနိုင်တယ်။
  • စကားပြောဆိုချက်များ - ပါဝင်တက်ရောက်သူတွေကို အသိပေးပြီး ဖြစ်ဖြစ်၊ အသိမပေးပဲ ဖြစ်ဖြစ် ဖမ်းယူထားတဲ့ အသံတွေ ဖြစ်တယ်။
  • ဇာတ်ကြောင်းပြောခြင်း - ဒါဟာ နောက်ခံ စကားပြောတာ ဖြစ်ပြီး၊ ရုပ်လုံးပေါ်ပြီး ဖြစ်ဖြစ်၊ ရုပ်လုံးမပေါ်ပဲ ဖြစ်ဖြစ် ဇာတ်လမ်းထဲမှာ ရုပ်ရှင် ရိုက်ကူးတဲ့သူ (သို့) ပါဝင်တက်ရောက်သူ တဦးဦးရဲ့ စကားပြောဆိုချက် ဖြစ်တယ်။
  • တပြိုင်ထဲ အသံ ဖမ်းယူခြင်း - ရုပ်ရှင် ရိုက်ကူးရင်း ဖမ်းယူတဲ့ အသံ ဖြစ်တယ်၊ ဒါကြောင့် ရုပ်ရှင်ကားထဲက လှုပ်ရှားမှုတွေနဲ့ တပြိုင်ထဲ ရှိနေရတာ ဖြစ်တယ်။ ဒီလို အသံမျိုးဟာ တည်းဖြတ်မှု တခုခုကို ချောမွေ့စေဖို့ အင်မတန် အကျိုးရှိတယ်။
  • အသံ effects များ - တပြိုင်ထဲ ဖြစ်ပျက်နေဖို့ မလိုပဲ၊ အသံတခုခုကို ရှင်ရုင် ရိုက်ကူးနေတဲ့ အချိန်မှာ ဖြစ်ဖြစ် (သို့) နောက်ပိုင်းမှာ ဖြစ်ဖြစ် ဖမ်းယူထားနိုင်တယ်၊ (သို့) အသံ effect library ထဲမှာလည်း တွေ့ရှိနိုင်တယ်။
  • တေးဂီတ - တည်းဖြတ်တဲ့အချိန်မှာ ဒါတွေကို ထည့်သွင်းလေ့ရှိတယ်။
  • တိတ်ဆိတ်မှု - အသံမပါတဲ့ အကွက်ဟာ စိတ်အပြောင်းအလဲ (သို့) နေရာ အပြောင်းအလဲကို ညွှန်ပြပေးတယ်၊ (သို့) ပွဲကြည့်ပရိသတ်က ပိတ်ကားပေါ်ကို ပြန်ပြီး အာရုံစိုက်လာစေဖို့ အချက်ပြတာ ဖြစ်တယ်။

ကြိုတင်-ထုတ်လုပ်မှု အစီအစဉ်

သင့်ရဲ့ သော့ချက် သတင်းစကားတွေ၊ ဇာတ်ကြောင်း၊ ပုံပြောတဲ့သူတွေနဲ့ ပါတ်သက်ပြီး ဆုံးဖြတ်ချက် ချလိုက်တာနဲ့၊ သင် လုပ်ဆောင်နေတဲ့ သုတေသန ပြုချက်ထဲက ကွာဟမှုတွေကို ဖေါ်ထုတ်ရမှာ ဖြစ်တယ်။ အောက်ပါ မေးခွန်းတွေက သင် လုပ်ငန်းစတင်တဲ့အခါ အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ် - ဒါပေမဲ့၊ သင့်ရဲ့ အဖွဲ့အစည်း၊ ဗွီဒီယို ထောက်ခံလှုပ်ရှားမှု အစီအစဉ်တို့နဲ့ ကိုက်ညီတဲ့ နောက်ထပ် မေးခွန်းတွေကို သင် ထည့်သွင်းနိုင်တယ်။
  • ဘယ် ရုပ်ရှင်ကားဟာ အဆင်သင့် ရှိနေပြီလဲ၊ အဲဒါကို ဘယ်လို အသုံးပြုမလဲ။
  • ဗွီဒီယိုထဲမှာ ထည့်သွင်းလိုတဲ့ အသံနဲ့ ပုံရိပ်လွှာ အစိတ်အပိုင်းတွေက ဘာတွေလဲ။
  • သင့်ဆီမှာ လောလောဆယ် ဘယ်တွေ ရှိထားပြီလဲ၊ ဘယ်အရာ လိုအပ်နေသေးသလဲ။
  • ရုပ်ရှင်ကားကို သုံးစွဲတဲ့အခါ ပါဝင်လာမဲ့ လုံခြုံရေးနဲ့ privacy အန္တရာယ်တွေက ဘာတွေလဲ။


အောက်မှာ ဖေါ်ပြတဲ့ အစိတ်အပိုင်း တခုစီမှာ၊ ဘယ်ပစ္စည်းကို သင်ရွေးချယ်ပြီလဲ၊ အဲဒါကို ဘယ်လို ရယူမလဲ၊ မူပိုင်ခွင့်တွေ ရှိနေသလား စတာတွေကို စဉ်းစားထားရမယ်၊ တကယ်လို့ မူပိုင်ခွင့် ရှိနေရင် အဲဒီ ပစ္စည်းကို အသုံးပြုလို့ ရအောင် မူပိုင်ခွင့်ရှိတဲ့ ပိုင်ရှင်နဲ့ ညှိနှိုင်းဖို့ လိုတယ်။

  • တခြားသူတွေက ထုတ်လုပ်ထားတဲ့ ဗွီဒီယို (သို့) အသံ တွေ့ဆုံမေးမြန်းချက်များ
  • သင့် အဖွဲ့အစည်းက ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား
  • ရုပ်မြင်သံကြား ဌာနတွေ (သို့) တခြား ဗွီဒီယို ရိုက်ကူးသူတွေက ရိုက်ယူထားတဲ့ ရုပ်ရှင်ကား
  • ဓါတ်ပုံများ
  • တေးဂီတ
  • တခြား အသံ အရင်းအမြစ်များ (တေးဂီတ (သို့) တွေ့ဆုံမေးမြန်းချက် မဟုတ်)
  •  ဗွီဒီယို အကြောင်းအရာနဲ့ ပါတ်သက်တဲ့ ပုံနှိပ်ပစ္စည်း


လိုင်စင်ပါပြီး Archive လုပ်ထားတဲ့ ဗွီဒီယိုနဲ့ ဓါတ်ပုံပစ္စည်း၊ တေးဂီတတွေကို ရရှိဖို့ အခက်အခဲ ရှိနေနိုင်ပြီး တန်ဖိုးကြီးမြင့်နိုင်တယ်။ ဒါပေမဲ့ 'Open Content licensed' လို့ခေါ်တဲ့ 'ပွင့်လင်းတဲ့ အကြောင်းအရာ လိုင်စင်' အောက်မှာ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ရယူနိုင်တယ်။ အသေးစိတ် လေ့လာချင်ရင် နည်းဗျူဟာ အခန်းထဲက မူပိုင်ခွင့် စဉ်းစားခြင်းကို ဖတ်ရှုပါ။

အရင်းအမြစ်များ