လက်ကိုင်ဖုန်းမှ သတင်းမီဒီယာ လွှဲပြောင်းခြင်း

 

အခု ကျွန်တော့် ဖုန်းထဲမှာ အရည်အသွေးကောင်းတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ ရှိတယ်၊ ဒါပေမဲ့ ဖုန်းထဲမှာ ထားရတာ အကျိုးမရှိဘူး။ အဲဒါတွေကို လူတွေ မြင်စေချင်တယ်။ ဘာလိုလုပ်ရင် ကောင်းမလဲ။

အများအားဖြင့်၊ ဖုန်းထဲက ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ (သို့) ဖမ်းယူထားတဲ့ အသံတွေကို ကွန်ပြူတာထဲ လွှဲပြောင်းဖို့ လိုတယ်။ ဒါမှာသာ တည်းဖြတ်လို့ ရမှာ ဖြစ်ပြီး၊ ဘလော့ဂ်ပေါ်ကို အင်တာနက်ကနေ တဆင့် တင်ပို့လို့ ရမှာ ဖြစ်တယ် (သို့) ဆက်သွယ်ရေး ကဏ္ဍတွေမှာ အသုံးပြုလို့ ရတယ်။

ဖုန်းထဲက ဓါတ်ပုံတွေ၊ အသံတွေနဲ့ ဗွီဒီယိုတွေကို ကွန်ပြူတာထဲ ထည့်လို့ရတဲ့ နည်းအမျိုးမျိုး ရှိတယ်။ ဒါပေမဲ့ အသုံးများတဲ့ နည်းတွေကတော့ ပြင်ပ မှတ်ဉာဏ်ကဒ် တခုနဲ့ မှတ်ဉာဏ်ကဒ် ဖတ်စက်ကို အသုံးပြုတာ၊ ဒေတာကဒ် တခု၊  Wifi (သို့) Bluetooth ကို အသုံးပြုတာတွေ ဖြစ်တယ်။

တချို့ လက်ကိုင်ဖုန်းတွေမှာ ကွန်ပျူတာထဲကို ဒေတာတွေ တိုက်ရိုက်ထည့်လို့ ရအောင် ဒေတာ ကေဘယ်လ်တွေကို တခါထဲ ထည့်သွင်းပေးတတ်တယ်။ အဆင့်မြင့်တဲ့ ဖုန်းအသစ်တွေမှာ ကြိုးမဲ့ ဆက်သွယ်ရေးလိုင်းတွေ ပါရှိကြတယ်။ အင်တာနက် သုံးပြီး ဒေတာတွေကို ကွန်ပြူတာထဲ အလွယ်တကူနဲ့ တိုက်ရိုက် လွှဲပြောင်းနိုင်တယ်။

အကယ်လို့ အဲဒီ options တွေ သင့်ဆီမှာ မရှိရင်၊ Bluetooth ကို အသုံးပြုဖို့ စဉ်းစားပါ။ Bluetooth ဆိုတာ ဖုန်းနှစ်လုံးအကြား (သို့) ဖုန်းတလုံးနဲ့ ကွန်ပြူတာတလုံး အကြား တဖက်နဲ့ တဖက်ကို အနေတော် အကွာအဝေးကနေ သတင်း အချက်အလက်တွေကို လွှဲပြောင်းပေးတဲ့ နည်းပညာတခု ဖြစ်တယ်။ 

အရေးကြီးတဲ့ သိကောင်းစရာများ

 

  • အကယ်လို့ Bluetooth ကို အသုံးပြုပြီး ဒေတာတွေကို လွှဲပြောင်းဖို့ လက်ကိုင်ဖုန်း တလုံး ၀ယ်ယူတော့မယ် ဆိုရင်၊ အဲဒီ လက်ကိုင်ဖုန်းမှာ Bluetooth အသုံးပြုနိုင် မပြုနိုင် စစ်ဆေးပါ။ တခါတလေ လက်ကိုင်ဖုန်းတွေမှာ Bluetooth ပါပေမဲ့ လက်တွေ့မှာ ဒေတာတွေကို လွှဲပြောင်း မပေးနိုင်ကြဘူး။
  • ကွန်ပြူတာထဲမှာ Bluetooth ထည့်သွင်းထားပြီးသား မရှိရင်၊ Bluetooth USB device  ('dongle' လို့လဲ တခါတလေ ခေါ်တယ်) ကို ဈေးနှုန်း အသင့်အတင့်နဲ့ ၀ယ်ယူနိုင်တယ်။

ကျွန်တော့်မှာ လက်ကိုင်ဖုန်း၊ ကွန်ပြူတာ၊ Bluetooth အဆက်အသွယ် ရှိတယ်။ ဒါပေမဲ့ သူတို့ ဘယ်လို အလုပ်လုပ်ကြသလဲ။
 
ကွန်ပြူတာနဲ့ လက်ကိုင်ဖုန်းဟာ တခုနဲ့ တခု ၁၀ မီတာ အကွာမှာ ရှိရမယ်။
 
  • ကွန်ပြူတာနဲ့ လက်ကိုင်ဖုန်း နှစ်ခုစလုံးမှာ Bluetooth ကို ဖွင့်ထားပါ။ လက်ကိုင်ဖုန်းကို ကွန်ပြူတာကနေ Bluetooth ကိရိယာ တခုအဖြစ် ရှာဖွေပြီး ချိတ်ထားဖို့ လိုတယ်။
  • ကွန်ပျူတာထဲက အညွှန်းတွေမှာ ပါတဲ့အတိုင်း ကိရိယာတခုကို Bluetooth နဲ့ တွဲဖက် ချိတ်ဆက်နည်း အကြောင်းကို လေ့လာပြီး အညွှန်းအတိုင်း လိုက်နာပါ။
  • ဖိုင်တွေကို လွှဲပြောင်းပါ။
  • ဖိုင် လွှဲပြောင်းမှု ပြီးစီးသွားတဲ့အခါ ကိရိယာ နှစ်ဖက်မှာ ရှိတဲ့ Bluetooth တွေကို ပိတ်ထားဖို့ သတိရပါ၊ ဒါမှမဟုတ်ရင် ကွန်ပြူတာနဲ့ လက်ကိုင်ဖုန်းတွေကို တခြားလူတွေက ကျူးကျော် ၀င်ရောက်နိုင်တယ်။

အဖြစ်အပျက် တခုမှာ ဓါတ်ပုံတွေကို ကျွန်ုတော် ရိုက်ယူခဲ့တယ်။ အဲဒီ ပုံတွေကို တခြားသူတွေက ချက်ခြင်း ကြည့်ရှုနိုင်အောင် - ရုံးက ကွန်ပြူတာဆီ ပြန်သွားဖို့အထိ အချိန် မစောင့်တော့ပဲ - ကွန်ရက် စာမျက်နှာပေါ်မှာ ကျွန်တော် တင်ပို့ချင်တယ် -

ShoZu လို့ ခေါ်တဲ့ အခမဲ့ အင်တာနက် ၀န်ဆောင်မှုကို အသုံးပြုပြီး ဖြေရှင်းလို့ ရပါတယ်။ ShoZu ကို အသုံးပြုပြီး ဖုန်းထဲက ဓါတ်ပုံတွေကို မတင်ပို့ခင် စာတမ်းလေးတွေ ရေးမှတ်နိုင်တယ်၊ မှတ်ချက်တွေကို ရေးထည့်နိုင်တယ်။ ကိုယ်ပိုင် အီးမေးလ် လိပ်စာကိုလည်း ရေးထည့်ပြီး ဓါတ်ပုံတွေ/ဗွီဒီယိုတွေကို အီးမေးလ်ကနေ တဆင့် ပေးပို့နိုင်တယ်။
 
  • Shozu ကို အင်တာနက်ကနေ လက်ကိုင်ဖုန်းထဲ ဒေါင်းလုဒ် လုပ်ပြီး install လုပ်လို့ ရတယ်။ ဒီဝန်ဆောင်မှုကို အထောက်အပံ့ ပေးတဲ့ ဖုန်းအမျိုးအစားနဲ့ ကွန်ရက် စာမျက်နှာတွေ အကြောင်း လမ်းညွှန်ချက်ကို ဒီစာရင်းမှာ ကြည့်ရှုပါ။
  • အကယ်လို့ လက်ကိုင်ဖုန်းထဲမှာ အသုံးပြုလို့ ရတာ သေချာရင်၊ Shozu လက်ကိုင်ဖုန်း ကွန်ရက် စာမျက်နှာကို တိုက်ရိုက်သွားပြီး ဒေါင်းလုဒ် လုပ်နိုင်တယ်။
  • နောက်တမျိုးအနေနဲ့၊ အကယ်လို့ ဖုန်းနဲ့ network တို့ဟာ လိုက်ဖက်မှု မရှိဘူး ဆိုရင်၊ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို သင်နှစ်သက်တဲ့ ကွန်ရက် စာမျက်နှာတွေမှာ MMS ကတဆင့် ကမ္ဘာ့နေရာအနှံ့ လွှင့်တင်လို့ ရတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို လေ့လာဖို့  ဒီနေရာကို သွားရောက် ကြည့်ရှုပါ။
     
 
Shozu အလုပ်လုပ်ပုံနဲ့ ပါတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို လေ့လာချင်ရင် လက်ကိုင်ဖုန်း - သေတ္တာ ကိရိယာ တန်ဆာပလာများကို ကြည့်ရှုပါ။


 

ရုပ်သံကဏ္ဍစုံ သတင်းများ ပေးပို့ခြင်း


ရုပ်သံကဏ္ဍစုံ (Multimedia) သတင်းတွေကို သုံးပြီး၊ ဖုန်း သုံးစွဲသူတွေဟာ MMS ပေးပို့နိုင်တဲ့ ဖုန်းတွေနဲ့ စာသား၊ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လက်ကိုင်ဖုန်း network ကနေတဆင့် တဖက်လူဆီ ပေးပို့နိုင်တယ်။ MMS ကို အသုံးပြုပြီး ဓါတ်ပုံတွေ/ ဗွီဒီယိုတွေကို စည်းရုံးလှုပ်ရှားမှု တခုရဲ့ ကဏ္ဍ တခုအနေနဲ့ ပေးပို့ဖို့ ဖြစ်ဖြစ်၊ (သို့) သတင်း ကွန်ရက် စာမျက်နှာတွေမှာ လွှင့်တင်ဖို့ ဖြစ်ဖြစ် (သို့) အခမ်းအနား တခုခုမှာ အစီရင်ခံဖို့ ဖြစ်ဖြစ် လုပ်ဆောင်နိုင်တယ်။

Bluetooth နဲ့ မတူပဲ၊ MMS မှာ ဓါတ်ပုံတွေကို လွှဲပြောင်းနိုင် ဖုန်းနှစ်လုံးကို အနီးကပ် ထားစရာ မလိုဘူး။ တခြားနိုင်ငံတွေကိုလည်း ပေးပို့နိုင်တယ်။ အမျိုးကွဲပြားတဲ့ ဖုန်းတွေဟာ MMS သတင်းတွေကို ပုံစံအမျိုးမျိုးနဲ့ စုစည်းပေးနိုင်တယ်၊ ဒါပေမဲ့ အီးမေးလ်ကို အသုံးပြုသလိုပဲ၊ ဓါတ်ပုံတွေ၊ အသံဖိုင်တွေကို ပူးတွဲဖိုင်တွေ အဖြစ်နဲ့ ပေးပို့လို့ ရတယ်။

MMS ရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေး ကောင်းမွန်ပေမဲ့၊ ဖိုင်တွေကို လက်ကိုင်ဖုန်း တလုံးနဲ့ တလုံးအကြား ပေးပို့ပြီး လက်ခံတဲ့ နှုန်းထားဟာ ၀န်ဆောင်မှု ပေးတဲ့ဌာနတွေနဲ့ နိုင်ငံအလိုက် ကွဲပြားကြတယ်။ MMS ကို အသုံးပြုပြီး ဓါတ်ပုံတွေ (သို့) ဗွီဒီယိုတွေကို ဖလှယ်တာတွေ မလုပ်ခင်၊ ကုန်ကျမဲ့ ဈေးနှုန်းတွေကိုလည်း လေ့လာထားဖို့ သင့်တယ်။ သိထားရမှာက MMS function ကို ပုံမှန်အားဖြင့် ၀န်ဆောင်ပေးတဲ့ ဌာနက သတ်မှတ်ပေးလေ့ရှိတယ် - ဒီအကြောင်းကို ၀န်ဆောင်မှု ပံ့ပိုးပေးတဲ့ ဌာနက စားသုံးသူ အကူအညီ ပေးရေး ဌာန (customers service centre) ကို ဖုန်းဆက်ပြီး မေးမြန်း စုံစမ်းနိုင်တယ်။

အရေးကြီးတဲ့ သိကောင်းစရာများ - အကယ်လို့ သင် ရည်ရွယ်ထားတဲ့ လက်ခံမဲ့သူက MMS ကို အကြောင်း အမျိုးမျိုးကြောင့် (လက်ကိုင်ဖုန်းမှာ MMS ကို ပို့လို့ မရတာ ဖြစ်နိုင်တယ်၊ (သို့) ဖုန်းက ဟောင်းနေလို့ ဖြစ်နိုင်တယ်) လက်ခံ မရရှိနိုင်ဘူး ဆိုရင်၊ သာမန် စာတိုလေး တစောင် ရရှိလာမှာ ဖြစ်ပြီး၊ အဲဒီမှာ မူရင်းစာနဲ့ ပူးတွဲချက်တွေကို အွန်လိုင်းမှာ ကြည့်ရှုနိုင်မဲ့ ကွန်ရက် စာမျက်နှာတခု ရှိတဲ့နေရာကို ညွှန်ပြပေးမှာ ဖြစ်တယ်။

 

နောက်ထပ် အချက်အလက်များ

လက်ကိုင်ဖုန်း နည်းပညာကို လုပ်ငန်းခွင်မှာ အသုံးပြုလိုတဲ့ စည်းရုံးလှုပ်ရှားသူတွေအတွက် အသေးစိတ် အချက်အလက်တွေကို Tactical Tech ရဲ့ လက်ကိုင်ဖုန်း - သေတ္တာ ကွန်ရက် စာမျက်နှာပေါ်မှာ လေ့လာ ဖတ်ရှုနိုင်တယ်။