ဘလော့ဂ်များ၊ ကွန်ရက်စာမျက်နှာများကို မွမ်းမံခြင်း

 

တခါတလေ ကျွန်တော် အလုပ်လုပ်တဲ့ အဖွဲ့အစည်းရဲ့ ကွန်ရက် စာမျက်နှာကို အမြန်နည်းနဲ့ သတင်းတွေ မွန်းမံ တင်ပို့ချင်တယ်၊ ဒါပေမဲ့ ကွန်ပြူတာ အနားမှာ ကျွန်တော် ရှိချင်မှ ရှိနေမှာ ဖြစ်တယ်။ လက်ကိုင်ဖုန်းကို သုံးပြီး လုပ်လို့ မရဘူးလား။

လက်ကိုင်ဖုန်း အသုံးပြုပြီး ဘလော့ဂ်တွေ၊ ကွန်ရက် စာမျက်နှာတွေကို မွမ်းမံလို့ ရနိုင်တဲ့ အလားအလာ အများကြီး ရှိလာပါတယ်။ ဒါပေမဲ့၊ လာမဲ့ နှစ်တွေမှာ ပိုမို ကောင်းမွန်လာနိုင်ပေမဲ့၊ လောလောဆယ်မှာတော့ အခက်အခဲတွေ ရှိနိုင်သေးတယ်။

အကယ်လို့ သင်ဟာ အကြောင်းအရာ စီမံခန့်ခွဲရေး နည်းစနစ် (CMS) ဖြစ်တဲ့ Drupal ကို (ဆက်လက်ဖတ်ရှုရန်) အသုံးပြုတယ် ဆိုရင် ရုပ်ပုံတွေ၊ ဗွီဒီယိုတွေကို ကွန်ရက် စာမျက်နှာပေါ်မှာ လက်ကိုင်ဖုန်းထဲက အီးမေးလ် (သို့) MMS function ကနေတဆင့် တင်ပို့နိုင်အောင် Drupal လက်ကိုင်ဖုန်း မီဒီယာ ဘလော့ဂ် ၀န်ဆောင်မှုကို အသုံးပြုနိုင်တယ်။

တချို့ အင်တာနက်ကို အခြေခံထားတဲ့ ဘလော့ဂ် တည်ဆောက်ရေး စနစ်တွေ ဖြစ်ကြတဲ့ Blogger, Orkut နဲ့ Livejournal တွေဟာ လက်ကိုင်ဖုန်းမှာ အလွယ်တကူ သုံးစွဲနိုင်အောင် အထူး စီမံထုတ်လုပ်ထားတဲ့ ဗားရှင်းတွေ ဖြစ်ကြပြီး အဲဒါတွေနဲ့ ဘလော့ဂ်ကို လက်ကိုင်ဖုန်းကနေ တဆင့် မွမ်းမံနိုင်တယ်။ ဒါဟာ ဘလော့ဂ်ကို လက်ကိုင်ဖုန်းကတဆင့် ပုံမှန် မွမ်းမံနိုင်တဲ့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတွေ ဖြစ်ကြတယ်။

အကယ်လို့ သင့်မှာ Wordpress ဘလော့ဂ် တခု ရှိတယ် ဆိုရင်၊ လက်ကိုင်ဖုန်းကနေ ဘလော့ဂ်ထဲကို ၀င်ပြီး မွမ်းမံနိုင်တဲ့ လက်ကိုင်ဖုန်းသုံး ပရိုဂရမ် နှစ်ခုကို အခုချိန်မှာ သင် ရရှိနိုင်တယ်။ အဲဒီ ဗားရှင်းနှစ်ခုကို လောလောဆယ် Blackberrys နဲ့ Apple Iphones တွေအတွက်ပဲ ရနိုင်သေးတယ်။ Typepad ဘလော့ဂ်တွေကို အသုံးပြုဖို့ Typepad Mobile ကို ဒေါင်းလုဒ် လုပ်နိုင်တယ်။ ဒါဟာလည်း အဆင့်မြင့်တဲ့ လက်ကိုင်ဖုန်း အမျိုးအစား အတွက်ပဲ အကန့်အသတ်နဲ့ ရရှိနိုင်တယ်။

အရေးကြီးတဲ့ သိကောင်းစရာများ - GPRS နဲ့ 3G (လက်ကိုင်ဖုန်း အင်တာနက် ဆက်သွယ်ရေး နည်းပညာ) ဆက်သွယ်ရေး စနစ်ပါတဲ့ ဖုန်း အားလုံးနီးပါးဟာ Blogger (သို့) Orkut အစ ရှိတဲ့ ကွန်ရက် စာမျက်နှာတွေကို တိုက်ရိုက် အဆက်အသွယ် လုပ်နိုင်တယ်။ လက်ကိုင်ဖုန်း တချို့ကပဲ ဓါတ်ပုံတွေကို တင်ပို့ပေးနိုင်မှာ ဖြစ်တယ်။ အကယ်လို့ ဒီအချက်ဟာ သင့်ရဲ့ အဖွဲ့အစည်းအတွက် အရေးတကြီး စဉ်းစားရမဲ့ အရာတခု ဖြစ်နေတယ် ဆိုရင်၊ သင်နဲ့ အသင့်တော်ဆုံး အင်တာနက်လိုင်းကို အပြည့်အ၀ ၀န်ဆောင်မှု ပေးနိုင်တဲ့ smart phone ကို ၀ယ်ယူသုံးစွဲနိုင်တယ်။

အသေးစား-ဘလော့ဂ် တည်ဆောက်ခြင်း

Flickr, Facebook, Youtube နဲ့ Myspace တို့အားလုံးမှာ သူတို့ရဲ့ ကွန်ရက် စာမျက်နှာတွေကို လက်ကိုင်ဖုန်းကနေ အလွယ်တကူ စီမံနိုင်တဲ့ ဗားရှင်းတွေ ပါရှိကြတယ်။ ဒါကြောင့် သင့် လက်ကိုင်ဖုန်းထဲက ဗွီဒီယိုတွေ၊ ဓါတ်ပုံတွေကို တခြားလူတွေ မြင်နိုင်အောင် တိုက်ရိုက် တင်ပို့နိုင်တယ်။

ကျွန်တော့် အဖွဲ့အစည်းမှာ ကွန်ရက်စာမျက်နှာနဲ့ ပါတ်သက်တဲ့ ဖေါ်ပြချက်တွေ၊ စာမျက်နှာတွေ အတော်များများ ရှိတယ်၊ အဲဒါတွေကို တခုချင်း မွမ်းမံရတာ အချိန်အတော်ကုန်တယ်။ ဒါဆို ဘယ်လို လုပ်ရင် ကောင်းမလဲ။
 
ဒါကို ဖြေရှင်းဖို့ ဆိုရင် ကွန်ရက်စာမျက်နှာ တခုနဲ့တခု အကြားမှာ mashup တခုကို ဖန်တီးပေးတဲ့ အင်တာနက် ၀န်ဆောင်မှု တခုကို အသုံးပြုဖို့ လိုတယ်၊ အဲဒါကို အသုံးပြုပြီး ကွန်ရက်စာမျက်နှာ အားလုံးကို တပြိုင်ထဲ မွမ်းမံနိုင်တယ်။

Ping.fm ကို အစမ်း သုံးကြည့်ပါ။ အခမဲ့ မှတ်ပုံတင်လို့ ရပြီး သင့်ရဲ့ လူမှု ဆက်ဆံရေး ကွန်ရက် အကောင့်မျိုးစုံ (ဥပမာ Facebook, Twitter နဲ့ Wordpress ဘလော့ဂ်) ကို ရွေးချယ်နိုင်တယ်။ ပြီးရင် အဲဒါတွေ အားလုံးကို လက်ကိုင်ဖုန်းကနေ တဆင့် တပြိုင်ထဲ မွမ်းမံနိုင်တယ်။ ဥပမာ အားဖြင့်၊ သင့်ရဲ့ facebook status ကို မွမ်းမံတဲ့အခါ၊ အဲဒီ မွမ်းမံချက်ဟာ သင့်ရဲ့ Twitter ပရိုဖိုင်းနဲ့ ဘလော့ဂ်ဆီ တိုက်ရိုက် ရောက်ရှိသွားမှာ ဖြစ်တယ်။ Ping.fm ဟာ ခက်ခဲတဲ့ အလုပ်တွေ အားလုံးကို သင့်အတွက် လုပ်ဆောင်ပေးနိုင်တယ်။

ဒီ ၀န်ဆောင်မှုကို လောလောဆယ် လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာပေါင်း ၄၀ (အချိန်နဲ့ အမျှ ဆက်ပြီး တိုးပွားနေတယ်) နဲ့ သုံးစွဲနိုင်တယ်၊ အဲဒါတွေကို အသုံးပြုပြီး စာသားတွေ၊ ရုပ်ပုံတွေ၊ မကြာခင် ရရှိနိုင်တော့မဲ့ ဗွီဒီယိုတွေကို တင်ပို့နိုင်တယ်။

ဒီလို ၀န်ဆောင်မှုအတွက် အခကြေးငွေ ပေးဆောင်စရာ မလိုဘူး။ လက်ကိုင်ဖုန်းမှာ အသုံးပြုမဲ့ အင်တာနက်အတွက်သာ ပေးဆောင်ရမှာ ဖြစ်တယ်။

mashup နဲ့ ဆင်တူတဲ့ ၀န်ဆောင်မှု တခုကတော့ Fring ဖြစ်တယ်။ သူ့ကို အခမဲ့ ဒေါင်းလုဒ် လုပ်ပြီး အသုံးပြုနိုင်တယ်။ Fring ဟာ လူမှုဆက်ဆံရေး ကွန်ရက်တွေ ဖြစ်ကြတဲ့ Skype, Google Talk, Facebook, Twitter (နဲ့ အခြား) တွေမှာ ရှိတဲ့ အဆက်အသွယ်တွေ အားလုံးကို ပရိုဖိုင်း တခုထဲမှာ စုပေါင်းပေးလိုက်တယ်။ ဆိုလိုတာက အကယ်လို့ သင်ဟာ skype ကနေ ခေါ်ဆိုမှု တခုခု လုပ်ချင်တယ် (သို့) Google Chat ကနေတဆင့် တဦးတယောက်ကို ချက်တင် စကားပြောချင်တယ် ဆိုရင်၊ အဲဒီ ဆော့ဗ်ဝဲ နှစ်ခုစလုံးကို သီးခြား ဖွင့်ဖို့ လိုအပ်လာမှာ ဖြစ်တယ်။ Fring ဟာ တနေရာထဲကနေ သင့်ရဲ့ အဆက်အသွယ် အားလုံးနဲ့ အပြန်အလှန် ဆက်သွယ်ပေးပြီး ချက်တင် စကားပြောတာ ဖြစ်ဖြစ်၊ ဖုန်းနဲ့ စကားပြောတာ ဖြစ်ဖြစ် မိမိရဲ့ ဖုန်းကနေ တိုက်ရိုက် လုပ်ဆောင်စေနိုင်တယ်။

Fring ကို လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ အသုံးပြုနိုင်တယ်၊ ဒါပေမဲ့  မကြာခဏ အပြောင်းအလဲတွေကြောင့် ဖုန်းအရေအတွက် အကန့်အသတ်နဲ့ပဲ အသုံးပြုနိုင်တယ်။ ဒီ အသုံးချ ပရိုဂရမ်ကို Fring ကွန်ရက် စာမျက်နှာကနေ SMS ပေးပို့ပြီး ဒေါင်းလုဒ် လုပ်နိုင်တယ်

အရေးကြီးတဲ့ သိကောင်းစရာများ - ဒီ ၀န်ဆောင်မှု နှစ်မျိုးစလုံးဟာ အထူးသဖြင့် သတင်း အချက်အလက်တွေကို လူအတော်များများဆီ အလျင်အမြန်နဲ့ ရောက်ရှိနိုင် ကြိုးစားတဲ့ အခါ အသုံးဝင်တယ်။

Twitter

လူ တဦးချင်းနဲ့ အဖွဲ့အစည်းတွေအတွက် ရေပမ်းအစားဆုံး ၀န်ဆောင်မှု တခုကတော့ Twitter ဖြစ်ပြီး၊ ကွန်ပြူတာထဲ ကနေ ဖြစ်ဖြစ် (သို့) လက်ကိုင်ဖုန်းကနေ ဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ စာလုံးရေ ၁၄၀ ရှိတဲ့ မွမ်းမံချက်တွေ (tweets လို့ခေါ်တဲ့ စာသား သက်သက် ပေးပို့ချက်များ) ကို SMS (စာတိုပေးပို့ချက်) ကနေတဆင့် ဖြစ်ဖြစ်၊ လက်ငင်း စာတိုပေးပို့ချက် (ချက်တင်)၊ အီးမေးလ်၊ Twitter ကွန်ရက် စာမျက်နှာ (သို့) ဒီဝန်ဆောင်မှုတွေကို ဆက်သွယ်ပေးနိုင်တဲ့ လုပ်ငန်းသုံး ဆော့ဗ်ဝဲ တခုခုကနေတဆင့် ပေးပို့ နိုင်တယ်။ ဒီ ၀န်ဆောင်မှုဟာ လက်ကိုင်ဖုန်းအတွက်ပဲ ရှိပြီး ကွန်ပြူတာနဲ့ အင်တာနက်တွေကို အသုံးမပြုနိုင်တဲ့ လူအတော်များများကို ဆက်သွယ်တဲ့နေရာမှာ အတော်လေး ထိရောက်တဲ့ ကိရိယာ တခု ဖြစ်တယ်။

Twitter ကို ထောက်ခံလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ ရည်ရွယ်ချက် အမျိုးမျိုးတွေမှာ အသုံးပြုခဲ့ကြတယ်။ ဥပမာ အားဖြင့်၊ အီဂျစ် လူ့အခွင့်အရေး သမားတွေက သူတို့ ရောက်နေတဲ့ နေရာတိုင်းမှာ အန္တရာယ်ကင်း မကင်း၊ အဖမ်းခံရ မခံရ (http://bit.ly/EIRA0) စတာတွေကို လူထုဆီ အသိပေးတဲ့ နေရာမှာ အသုံးပြုကြတယ်။ နောက်ပြီး အီရန်လူမျိုးတွေက ၂၀၀၉ ရွေးကောက်ပွဲ (http://bit.ly/indBH) ပြီးသွားတဲ့နောက်ပိုင်း လူထုရဲ့ အာရုံကို ဖမ်းယူပြီး ဆန္ဒပြပွဲတွေအကြောင်း ထုတ်ပြန်ကြော်ငြာတဲ့ နေရာမှာ အသုံးပြုခဲ့ကြတယ်။

'#hash tags' ဟာ Twitter ကို အသုံးပြုပြီး လူကြည့်များတဲ့ သတင်း အချက်အလက် တခုခုနဲ့ ပါတ်သက်တဲ့ မွမ်းမံချက်တွေကို လူတွေက ရှာနိုင်အောင် သုံးစွဲနိုင်တဲ့ နည်းလမ်း တမျိုးကို ပံ့ပိုးပေးတယ်။ အကယ်လို့ သင်ဟာ အရေးအခင်း တခုမှာ ရောက်နေတယ် ဆိုရင်၊ လူထုကို '#hash tag' အတိအကျ သုံးစွဲစေခြင်းဖြင့် သူတို့ရဲ့ မွမ်းမံချက်တွေကို စုစည်းပေးနိုင်တယ်။ အီရန်နိုင်ငံရဲ့ ၂၀၀၉ ရွေးကောက်ပွဲ နောက်ပိုင်းမှာ လူထုက #iranelection tag ကို စတင် သုံးစွဲလာတဲ့ အချိန်မှာ၊ (သို့) ဂျပန်နိုင်ငံမှာ US က အဏုမြူဗုံး ကြဲချခဲ့တဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အနေနဲ့ #hiroshima ကို စတင် အသုံးပြုတဲ့ အချိန်မှာ ပိုပြီး စနစ်တကျ ဖြစ်လာတယ်။

လက်ရှိ အခြေအနေမှာ Twitter ရဲ့ ကြီးမားတဲ့ အားနည်းချက်ကတော့၊ အကယ်လို့ သင်ဟာ US ၊ UK ၊ ကနေဒါနိုင်ငံ (သို့) အိန္ဒိယနိုင်ငံတို့မှာ နေထိုင်တာ မဟုတ်ဘူးဆိုရင် လက်ကိုင်ဖုန်းကနေ စာတို ပေးပို့တဲ့ အပုဒ်တိုင်းအတွက် နိုင်ငံတကာ နှုန်းထားနဲ့ ပေးဆောင်နေရမှာ ဖြစ်တယ်။ Twitter မှာ privacy နဲ့ စစ်မှန်ကြောင်း အတည်ပြုချက်တွေနဲ့ ပါတ်သက်ပြီး စိုးရိမ်စရာ တချို့ ရှိနေတယ်။ Twitter မှာ အထိခိုက်မခံတဲ့ သတင်း အချက်အလက်တွေကို တင်ပို့တဲ့အခါ သတိထားဖို့ လိုတယ်။ နောက်ထပ် သတင်း အချက်အလက်တွေကို ဒီ blog.SpyWare.Guide အရင်းအမြစ်မှာ ကြည့်ရှုနိုင်တယ်

နောက်ထပ် အချက်အလက်များ

လက်ကိုင်ဖုန်း နည်းပညာကို လုပ်ငန်းခွင်တွေမှာ အသုံးပြုလိုတဲ့ စည်းရုံး လှုပ်ရှားသူတွေအတွက် အသေးစိတ် အချက်အလက်တွေကို Tactical Tech ရဲ့ လက်ကိုင်ဖုန်း - သေတ္တာ ကွန်ရက် စာမျက်နှာမှာ ဖတ်ရှုနိုင်တယ်။