အသံ ဖန်တီးခြင်း

ဖမ်းယူထားတဲ့ အသံတွေကို တခုထဲဖြစ်အောင် စုပေါင်းပြီး အသံ ဖန်တီးဖို့ ဆိုတာ ကျွမ်းကျင်တဲ့ သူတွေကပဲ လုပ်ရမဲ့အလုပ် မဟုတ်တော့ပါဘူး။ စည်းရုံးလှုံ့ဆော်ရေးနဲ့ ထောက်ခံလှုပ်ရှားရေး လုပ်ငန်းတွေမှာ အသံရဲ့ သြဇာကို ပိုမို သုံးစွဲလာကြတယ်။ ဒီအခန်းမှာ၊ လူတဦးတယောက်က သူ့ရဲ့ကိုယ်ပိုင် အစီအစဉ် တခု၊ အယူအဆ တခု၊ အခြေခံပစ္စည်း တချို့နဲ့ တတ်ကျွမ်းမှု အနည်းငယ် ရှိရုံနဲ့ ဆွဲဆောင်မှု အားကောင်းတဲ့ အသံကို ဖန်တီးပြီး ဖြန့်ဝေနိုင်တဲ့ နည်းကို တွေ့မြင်ရမှာ ဖြစ်တယ်။ ဒီအပိုင်းမှာ အလွန် အစွမ်းထက်ပြီး အသုံးဝင်မဲ့ အသံတွေကို သင် ဖန်တီးနိုင်အောင် ကူညီပေးမှာဖြစ်ပြီး၊ ရေဒီယိုတွေ၊ CD တွေ၊ အများနဲ့ ဆိုင်တဲ့ နေရာတွေနဲ့ အင်တာနက်ကနေတဆင့် ပရိသတ်တွေဆီ ဖြန့်ဝေရာမှာ အထောက်အကူ ပေးမှာ ဖြစ်တယ်။ ဒီအပိုင်းမှာ လူ့အခွင့်အရေးနဲ့ ပါတ်သက်တဲ့ ထောက်ခံ လှုပ်ရှားမှု လုပ်ငန်းတွေမှာ အသံကို နည်းအမျိုးမျိုးနဲ့ သုံးစွဲနိုင်တဲ့ နည်းလမ်းတွေကို ဖေါ်ပြသတဲ့ ပြဿနာ ဖြေရှင်းချက်တွေကို ပံ့ပိုးထားတယ်။

 
အသံသွင်းယူချက်တွေကို ဘယ်လို အသုံးချမလဲ
 
အသံတွေကို သွင်းယူပြီး၊ အဲဒီအသံတွေကို အများနဲ့ ဆိုင်တဲ့ နေရာမှာ ဖွင့်ပြနိုင်တယ်၊ သင်ရဲ့ ကွန်ရက် စာမျက်နှာ ပိုကောင်း လာအောင်လည်း သုံးနိုင်တယ်၊ ရေဒီယိုကနေလည်း အသံလွှင့်နိုင်တယ်၊ CD တွေ၊ လက်ကိုင်ဖုန်း ခေါ်သံတွေ၊ အင်တာနက်ကနေ ဒေါင်းလုဒ် လုပ်နိုင်တဲ့ podcasts တွေအဖြစ် ဖြန့်ဝေနိုင်တယ်။ အသံသွင်းချက်တွေဟာ ပညာရေးကဏ္ဍ အတွက်လည်း ဖြစ်နိုင်တယ်၊ (သို့) စည်းရုံးလှုံ့ဆော်ရေး ကဏ္ဍအတွက်လည်း ဖြစ်နိုင်တယ်၊ သူတို့ဟာ နည်းပညာမျိုးစုံနဲ့ အဆက်အသွယ် လုပ်နေကြတယ်။ ရေဒီယို သို့မဟုတ် podcast မှတဆင့် ထုတ်လွှင့်တဲ့ အသံဟာ ရင်နှီးမှုကို ဖြစ်ထွန်းစေပြီး  နေရာအနှံ့ကို ရောက်ရှိနိုင်တဲ့အတွက် တချိန်ထဲ နားထောင်နေကြတဲ့ လူထုအတွက် အကျိုးကျေးဇူးတွေ  ဖြစ်ထွန်းစေမှာ ဖြစ်တယ်။ အဲဒီလို အသံလွှင့်ချက်ကို သင့်ရဲ့ သတင်း စကားကို မကြားသိတဲ့ လူအတော် များများက  ကြားနာလာနိုင်တယ်။ ပြီးတော့ အဲဒီလို အသံလွှင့်ချက်ဟာ ဆွဲဆောင်မှု အားကောင်းတဲ့ သတင်း အချက်အလက်တွေနဲ့ တကွ အတွေ့အကြုံအမျိုးမျိုး၊ လူထုအသံတွေကို တချိန်ထဲမှာပဲ ပေးပို့နိုင်မှာ ဖြစ်တယ်။

 

ပရိသတ်များ
 

သတင်း အချက်အလက် စုံစုံလင်လင်နဲ့ ဖျော်ဖြေရေး ဂီတ အစီအစဉ်တွေ ထုတ်လွှင့်ခြင်းဟာ စီဒီတွေ၊ ရေဒီယို အသံလွှင့်ဋ္ဌာနတွေနဲ့ အွန်လိုင်း အသံလွှင့်ချက်တွေကို နားထောင်ကြတဲ့ နေရာအနှံ့က ပရိသတ် အမျိုးမျိုးဆီကို အရောက် ပို့ဆောင်ပေးနိုင်တဲ့ ထိရောက်သော နည်းလမ်း ဖြစ်တယ်။ ကျေးလက်ဒေသက ပရိသတ်တွေဟာ ရေဒီယိုကို ပိုပြီး အသုံးပြုကြတယ်။ အတိအကျ ပြောရမယ် ဆိုရင် သူတို့ရဲ့ ဒေသခံစကားနဲ့ အသံလွှင့်ပေးနိုင်ရင် စာမတတ်သူတွေကလည်း သတင်း အချက်အလက်တွေနဲ့  အထိအတွေ့ ရှိလာပြီး လေ့လာ သင်ယူလာနိုင်တဲ့အတွက် အသံကို ထိရောက်မှု ရှိတဲ့ နည်းလမ်းတခု အဖြစ် မြင်တွေ့လာနိုင်တယ်။ အင်တာနက် အသုံးပြုနိုင်တဲ့ လူငယ်ပရိသတ်တွေဟာ အွန်လိုင်း ရေဒီယိုကို ပိုပြီး ဖွင့်နားထောင်ကြတယ်။ 

 

ဘယ်လို အရင်းအမြစ်တွေကို လိုအပ်မလဲ။
 

အသံကို ပြုလုပ်တဲ့ ကုန်ကျစရိတ်ဟာ တခြားအရာတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးပါတယ်။ အသံဖမ်း ကိရိယာတခုခု သင့်ဆီမှာ ရှိနေဖို့တော့ လိုတယ်။ အဲဒီ ကိရိယာဟာ ဒီဂျစ်တယ် ဖြစ်မယ်ဆိုရင် ပိုပြီး ကောင်းမှာ ဖြစ်တယ်။ အဲဒီနောက် ဖမ်းယူထားတဲ့ အသံတွေကို တည်းဖြတ်ပြီး၊  ဖြန့်ဝေနိုင်တဲ့ အသံ အစိတ်အပိုင်း အဖြစ် ပြောင်းလဲနိုင်တယ်။ အရင်ခေတ်က စနစ်ဟောင်းဖြစ်တဲ့ analogue ကတ်ဆက်ခွေနဲ့ (‘Walkman’ လို ကတ်ဆက်ခွေနဲ့ အသံ ဖမ်းယူတဲ့ စက်ကိရိယာ) အသံတွေကို ဖမ်းယူနိုင်တယ်။ ပြီးတော့ အဲဒီ analogue အသံကို ကွန်ပြူတာထဲမှာ တည်းဖြတ်လို့ ရတဲ့ ဒီဂျစ်တယ် အသံ အဖြစ် ပြောင်းလဲ ရမှာ ဖြစ်တယ်။ (Audacity အကြောင်းကို ဆက်လက် ဖတ်ရှုရန်)

Audacity ဆိုတာ သုံးရ လွယ်ကူတဲ့ အသံ တည်းဖြတ်ရေး ဆော့ဗ်ဝဲ (သို့) အသံဖမ်းစက် တခု ဖြစ်ပြီး၊ သူ့ကို Windows, Mac OS X, GNU/Liux and other operating systems နဲ့ တခြား operation systems တွေမှာ အသုံးပြုနိုင်တယ်။

Audacity ကို သုံးပြီး သင် လုပ်ဆောင်နိုင်တဲ့ အချက်တွေကတော့-
  • တိုက်ရိုက် အသံ ဖမ်းယူနိုင်တယ်
  • analogue တိတ်ခွေကို ဒီဂျစ်တယ် အဖြစ် ပြောင်းပြီး CD တွေထဲ ထည့်သွင်းနိုင်တယ်
  • အသံဖိုင်တွေကို formats အမျိုးမျိုးနဲ့ တည်းဖြတ်နိုင်တယ်
  • အသံဖိုင်ကို ဖြတ်ယူတာ၊ ကူးယူတာ၊ တေ့ဆက်ပေးတာ (သို့) ပေါင်းစပ်တာတွေ လုပ်နိုင်တယ်
  • အသံ ဖမ်းယူချက် တခုရဲ့ အသံ အနှေးအမြန် (သို့)  အသံအနိမ့်အမြင့်ကို ပြောင်းလဲနိုင်တယ်

ဘယ်လို ကျွမ်းကျင်မှုတွေ လိုအပ်သလဲ။
 

အသံတွေကို စတင် ဖမ်းယူတဲ့ နေရာမှာ အသံကို ကောင်းသထက် ကောင်းအောင် ဖမ်းယူနိုင်ဖို့ လိုတယ်။ တွေ့ဆုံမေးမြန်းခံနေသူ (သို့) ပြောဆိုနေသူ တဦးရဲ့ အသံကို သေသေချာချာ နားထောင်ပါ။ ပြီးတော့ အသံ အနိမ့်အမြင့်ကို လိုအပ်သလို ထိန်းညှိပေးရမှာ ဖြစ်တယ်။ အသံကို တည်းဖြတ်တဲ့ အဆင့်မှာ ကျွမ်းကျင်မှု ပိုပြီး လိုအပ်တယ်၊ ဒါပေမဲ့ အသံ စတင် ဖမ်းယူသူတွေကလည်း တဖြည်းဖြည်းနဲ့ အသုံးပြုတတ်လာကြမှာ ဖြစ်တယ်။

 

အသံ အစိတ်အပိုင်းတခုကို ဖန်တီးဖို့ အချိန်ဘယ်လောက် လိုအပ်သလဲ
 

အသံ အစိတ်အပိုင်းတွေဟာ ပုံမှန်အားဖြင့် အရှည် ၃၀ စက္ကန့်ကနေ (ရေဒီယို (သို့) ရုပ်မြင်သံကြား ကြော်ငြာ ကြော်ငြာတွေရဲ့ အရှည်) ၅ မိနစ်အထိ (ရေဒီယို အစီအစဉ် တခုမှာ သတင်း အမျိုးအစား အများစုရဲ့ ကြာချိန်) ရှိတတ်ကြတယ်။ ဒါပေမဲ့ ရုပ်သံမှတ်တမ်းတွေနဲ့ သတင်းဆောင်းပါးတွေဟာ နာရီဝက်နှင့် အထက် ကြာတတ်တယ်။  ရေဒီယို ထုတ်လွှင့်သူတွေဟာ တနာရီ ကြာမဲ့ ထုတ်လွှင့်ချက်ကို ငါးမိနစ်စီ ခွဲပြီး အသံလွှင့်ဖို့ လိုတယ်လို့ ယူဆကြသည်။ ဒီစည်းမျဉ်းဟာ သိပ္ပံနည်းအရ အကဲဖြတ် သတ်မှတ်ထားတာ မဟုတ်ပဲ လုပ်ငန်း အတွေ့အကြုံအရ အကဲဖြတ်တာ ဖြစ်တယ်။ အသံ အစိတ်အပိုင်းရဲ့ သဘော သဘာဝ၊  ဖန်တီးတဲ့ သူတွေဆီမှာ ရှိတဲ့ လုပ်ငန်း အတွေ့အကြုံနဲ့ အရင်းအမြစ်တွေ အပေါ် မူတည်ပြီး အကဲဖြတ်ပုံ အမျိုးမျိုး ကွဲပြားကြလိမ့်မယ်။ ဒီအသံအတွက် သုံးစွဲတဲ့ အချိန်ရဲ့ ထက်ဝက်လောက်ဟာ အသံ အရင်းအမြစ်ကို ရှာပြီး အသံဖမ်းယူတဲ့ နေရာမှာ အသုံးပြုတယ်၊ ကျန်သော အချိန်ကတော့ အသံ တည်းဖြတ်တဲ့နေရာ၊ ကြားနာမဲ့ သူတွေဆီ ထုတ်လွှင့်တဲ့နေရာတွေမှာ အသုံးပြုတယ်။

 


ပစ္စည်း အရင်းအမြစ်များ
အသံ ဖန်တီးခြင်း
အသံ ပေါင်းစပ်ခြင်း
အသံ ဖြန့်ဖြူးခြင်း